ဒီမိုကရေစီ လမ်းကြောင်းကို ခိုင်ခိုင်မာမာ လျှောက်လှမ်း
အယ်ဒီတာ့အာဘော်
(၂ဝ၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချမှတ်ကာ နိုင်ငံတော်ကို ဦးဆောင်လျက်ရှိသည်။ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ ပထမအချက်သည် “လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထား ဆောင်ရွက်သွားမည်” ဆိုသည့်အချက်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါရှေ့လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်လျက်ရှိနေစဉ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ အနေဖြင့် မြို့/ရွာများကို အကြမ်းဖက်တိုက်ခိုက်ခြင်းနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို ဖျက်ဆီးခြင်း၊ လုယက်ခြင်းများ ပြုလုပ်ပြီး နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှုမရှိအောင် ဖန်တီးလျက်ရှိသည်။ အချို့သောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း အဆိုပါအခြေအနေကို အခွင့်ကောင်းရယူပြီး နယ်မြေချဲ့ထွင်နိုင်အောင် ကြိုးပမ်းနေသည်။
လွန်ခဲ့သည့် ခြောက်လတာကာလအတွင်း အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု အမျိုးမျိုးကြောင့် အပြစ်မဲ့ပြည်သူ/ နိုင်ငံ့ဝန်ထမ်း (၃၈၃) ဦးသေဆုံးခဲ့ရသည်။ ပညာရေး၊ ကျန်းမာရေးနှင့် လူနေအဆောက်အအုံအပါအဝင် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံအဆောက်အဦ ၅၁၆ လုံး ပျက်စီးခဲ့ရသည်။ ကချင်ပြည်နယ်တွင် KIA အကြမ်းဖက်သောင်းကျန်းသူများက PDF များနှင့်ပေါင်း၍ တရုတ် - မြန်မာနယ်စပ်ဒေသ၊ ဗန်းမော်ဒေသ၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း) အင်းတော်ဒေသ၊ ကရင်ပြည်နယ်တွင်KNU အကြမ်းဖက်သောင်းကျန်းသူများက PDF များနှင့်ပေါင်း၍ ကတိုင်တိဒေသ၊ မဲပလီဒေသ၊ အနန်းကွင်းဒေသ၊ ကော့ကရိတ်ဒေသ၊ ရခိုင်ပြည်နယ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများသည် PDF များနှင့်ပေါင်း၍ မကွေးတိုင်း-ရခိုင်ပြည်နယ်အစပ်၊ ပဲခူးတိုင်း-ရခိုင်ပြည်နယ်အစပ်၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ် အစပ်ဒေသတို့တွင် တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ ချင်းပြည်နယ်တွင် CNF အကြမ်းဖက်သောင်းကျန်းသူများသည် PDF များနှင့်ပူးပေါင်း၍ မင်းတပ်၊ ကန်ပက်လက်နှင့် ဖလမ်းမြို့တို့ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်များ အောင်မြင်စွာပြီးမြောက်ရေးအတွက် စနစ်တကျဆောင်ရွက်လျက်ရှိသော်လည်း အကြမ်းဖက်သောင်းကျန်းသူ အဖျက်သမားများအနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ အေးချမ်းသာယာရေးကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ အဖျက်အမှောင့် လုပ်ငန်းများကိုသာ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ နေရာဒေသတစ်ခုခုတွင် အဆိုပါအကြမ်းဖက် အဖျက်သမားသောင်းကျန်းသူတို့ တည်ဆောက်ပေးထားသည့် လမ်း/တံတား၊ အဆောက်အအုံ လုံးဝ(လုံးဝ)မရှိသော်လည်း ဖျက်ဆီးသည့်နေရာတွင်မူ နည်းလမ်းအမျိုးမျိုးဖြင့် ဖျက်ဆီးလျက်ရှိသည်။ အထူးသဖြင့် အရပ်ဘက် အဆောက်အအုံများဖြစ်သည့် မီးရထား၊ တံတားနှင့်တက္ကသိုလ်ကျောင်း အဆောက်အအုံဖျက်ဆီးမှုမှာ လွန်စွာအရုပ်ဆိုးပြီး စက်ဆုပ်ရွံရှာဖွယ် လုပ်ရပ်များဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) များအနေဖြင့်လည်း နိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းပေါ်တွင် အခွင့်ကောင်းယူပြီး တိုင်းရင်းသားရေး၊ နိုင်ငံရေးအကြောင်းပြချက်များဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့၏ အစွန်းရောက် အယူအဆများကို ၎င်းတို့လှုပ်ရှားသည့်နယ်မြေများတွင် လှုံ့ဆော်အားပေးမှုများပြုလုပ်ခဲ့သည်။ ပြည်တွင်းပြည်ပမှ နိုင်ငံတော်အကျိုးကို မလိုလားသည့် ပြည်ဖျက်မီဒီယာများနှင့် ပူးပေါင်းပြီး မဟုတ်မမှန်သတင်းများကိုလည်း ဝါဒဖြန့်ခဲ့ကြသည်။
နိုင်ငံတစ်ဝန်းလုံး အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာအောင် အချိန်ကိုက်ဟန်ချက်ညီညီဖြင့် လှုံ့ဆော်ခဲ့သည်ကိုတွေ့ရသည်။ နိုင်ငံ့အရေးအပေါ် မှန်မှန်ကန်ကန်ဖြင့် ဆင်ခြင်တုံတရားရှိသည့် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများကို ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်းနှင့် ဖိအားပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထို့ကြောင့် နိုင်ငံတစ်ဝန်းလုံးတွင် အကြမ်းဖက်မှုများပိုမိုဖြစ်ပွားလာပြီး ပြည်သူများ၏ အသက်အိုးအိမ်၊ ပစ္စည်းဥစ္စာများနှင့် ပြည်သူပိုင် အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။ အဆိုပါပျက်စီးဆုံးရှုံးမှုများမှာ နိုင်ငံတော်နှင့်ပြည်သူများ၏ ဆုံးရှုံးမှုများသာဖြစ်သည်။
ဒေသတစ်ခုတည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေရန် သို့မဟုတ် တည်ငြိမ်အေးချမ်းမှု ပျက်ပြားပြီး ဖွံ့ဖြိုးတိုးတက်မှုနောက်ကျစေရန် လုပ်နိုင်စွမ်းရှိသူများမှာ အဆိုပါဒေသတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများနှင့် ဒေသခံအကြမ်းဖက်သမားများသာဖြစ်သည်။ ဒီမိုကရေစီစနစ်ကို လိုလားပါသည်ဟု လှုံ့ဆော်အားပေးနေသည့်နိုင်ငံများ၊ လူပုဂ္ဂိုလ်များအနေဖြင့် စဉ်းစားကြရန်လိုအပ်သည်။ ပြီးခဲ့သည့်နှစ်က လွိုင်ကော်မြို့ကို KNPP ၊ PDF အဖွဲ့များ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် လွိုင်ကော်မြို့ တက္ကသိုလ်အဆောက်အအုံများ ထိခိုက်ပျက်စီးပြီး ကျောင်းပိတ်ခဲ့ရသည်။ လွိုင်ကော်တက္ကသိုလ်ရှိ အဆောက်အအုံ ၄၄ လုံးပျက်စီးခဲ့ပြီး ၎င်းတို့ကိုပြုပြင်ရန် ငွေကျပ် ၉ ဘီလီယံခန့်ကုန်ကျရန်ရှိသည်။ ပျက်စီးသွားသော ကျန်တက္ကသိုလ်၊ ကျောင်းများ၊ ဈေးများ၊ ပြည်သူတို့၏ပိုင်ဆိုင်မှုများပါ ထည့်သွင်းတွက်ချက်ပါက ဘီလီယံပေါင်း များစွာရှိပေမည်။ နိုင်ငံရေးအကြောင်းပြပြီး မိုက်မဲစွာဆောင်ရွက်မှုကြောင့် ဒေသခံများသာ ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက စွန့်လွှတ်စွန့်စားစိတ်ဖြင့် အဆိုပါအကြမ်းဖက်သမားများကို ရှင်းလင်းခဲ့ရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရည်မှန်းထားသည့် ဒီမိုကရေစီလမ်းကြောင်းကို ခိုင်ခိုင်မာမာဖြင့် လျှောက်လှမ်းနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ လက်နက်ကိုင်သောင်းကျန်းသူ အကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့အကြမ်းဖက် လုပ်ရပ်များကို နိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် ပြည်သူအားလုံးက ရှုတ်ချလျက်ရှိသည်။ ထို့ကြောင့် နိုင်ငံတော်ကဦးဆောင် လမ်းခင်းပေးနေသည့် ဒီမိုကရေစီ လမ်းကြောင်းကို ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်ရေး အားလုံးပါဝင်ပူးပေါင်း ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။