ရန်ကုန်မြို့၌ ဒုတိယအကြိမ်မြောက် ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ ဆေးဝါးများ တိုက်ရိုက်ရောင်းချပွဲ ကျင်းပ

 

ရန်ကုန်မြို့၌ ဒုတိယအကြိမ်မြောက် ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ ဆေးဝါးများ တိုက်ရိုက်ရောင်းချပွဲ ကျင်းပ

 

ရန်ကုန်   ဖေဖော်ဝါရီ   ၃

    မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းသည် ဆေးဝါးသုံးစွဲသူပြည်သူများ သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် အဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရန်နှင့် ဆေးဝါးများ မပြတ်လပ်စေရန် ရည်ရွယ်၍ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားမှုဖြင့်  ဒုတိယအကြိမ်မြောက်    ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ ဆေးဝါးများ တိုက်ရိုက်ရောင်းချပွဲကို ဖေဖော်ဝါရီလ ၃ ရက်တွင်ရန်ကုန်မြို့   ကုန်သည်လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဆောက်အအုံ၌ ကျင်းပသည်။

အဆိုပါဆေးဝါး တိုက်ရိုက်ရောင်းချပွဲကို ဖေဖော်ဝါရီလ ၃ ရက်မှ ၇ ရက်အထိ ကျင်းပလျက်ရှိပြီး ဆေးကုမ္ပဏီ ၆၁ ခုမှ   ဆေးဝါးမျိုးစုံ  ပါဝင်ပြသရောင်းချပေးလျက်ရှိရာ မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်သည်။

ဆေးဝါးများဝယ်ယူရာတွင်   ဆေးဝါးမှားယွင်း ဝယ်ယူမိခြင်းမရှိစေရန်နှင့်  အာနိသင်ရှိသော အလားတူဆေးဝါးများအား စိတ်ချစွာဝယ်ယူနိုင်ရန်အတွက် ဆွေးနွေးတိုင်ပင်၊ လမ်းညွှန်မှုပြုပေးနိုင်ရန် ပြပွဲတွင် ဆရာဝန်နှင့်ဆေးဝါး နားလည်ကျွမ်းကျင်သူများထားရှိကာ   ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင်   ယခုလအတွင်း  ပဲခူးတိုင်းဒေသကြီး၌ အရောင်းစင်တာများ ထပ်မံဖွင့်လှစ်၍ ဆေးကုမ္ပဏီများမှ  သုံးစွဲသူပြည်သူများသို့  ဆေးဝါးတိုက်ရိုက်ရောင်းချခြင်းများ ပြုလုပ်မည်ဖြစ်ပြီး ဆေးဝါးသုံးစွဲသူပြည်သူများအနေဖြင့် မိမိတို့ကျန်းမာရေးအတွက် လိုအပ်သောဆေးဝါးများကို အဆိုပါဆေးဝါး အရောင်းစင်တာများတွင် လေ့လာကြည့်ရှု ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်းအနေဖြင့်  အဆိုပါ   ဆေးဝါးတိုက်ရိုက် ရောင်းချပွဲများကို ပထမအကြိမ်အနေဖြင့် ၂၀၂၄ ခုနှစ်ဇူလိုင်လနှင့်ဩဂုတ်လတို့တွင်    နေပြည်တော်၊ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အရောင်းစင်တာများ ဖွင့်လှစ်ရောင်းချပေးခဲ့ကြောင်း သိရသည်။