စိုက်ပျိုးမွေးမြူရေးကို အခြေခံ နိုင်ငံ့စီးပွားမြင့်မားရန်

 

စိုက်ပျိုးမွေးမြူရေးကို အခြေခံ နိုင်ငံ့စီးပွားမြင့်မားရန်

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၅  ခုနှစ်၊ ဖေဖော်ဝါရီ  ၅  ရက်)

      မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံ၍ နိုင်ငံ့စီးပွားမြင့်မားအောင် ဆောင်ရွက်နိုင်သော အခွင့်အလမ်းများစွာ ရှိသည့်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင် နေထိုင်လျက်ရှိကြပြီး လူဦးရေ၏ ၄၅ ဒသမ ၃ ရာခိုင်နှုန်းခန့်သည် လယ်ယာသားငါး၊ သစ်တောနှင့်နှီးနွှယ် သည့်အလုပ်များကို လုပ်ကိုင်ကြသည်။ ထို့အတွက်   စိုက်ပျိုးရေးနှင့် မွေးမြူရေးကို နည်းစနစ်တကျ ဆောင်ရွက်ရန်   နိုင်ငံတော်အစိုးရက ဦးစားပေး အကောင်အထည်ဖော်နေသည်။

မြန်မာနိုင်ငံသည် သဘာဝမှပေးထားသည့် ရာသီဥတုနှင့် မြေအနေအထား၊ တည်နေရာအနေအထား အရ စိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများ  ကောင်းစွာဖြစ်ထွန်းနိုင်သည့် နိုင်ငံဖြစ်သည်။ နွေမိုးဆောင်းသုံးရာသီစလုံးတွင် စိုက်ပျိုး၍ရသည့် သီးနှံများဖြင့် စိုက်ပျိုးရေးကို အပြည့်အဝဆောင်ရွက်နိုင်သည်။ ထို့အတူမွေးမြူရေးတွင်လည်း မြန်မာ့ရေမြေတွင် မွေးမြူဖြစ်ထွန်းသည့် တိရစ္ဆာန်အမျိုးအစား များပြားစွာရှိသည်။ စိုက်ပျိုးရေးတွင် ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် စိုက်ပျိုးနိုင်မည် ဆိုပါကသီးနှံများ အလျှံပယ်ထွက်ရှိမည်ဖြစ်သည်။ ထိုသို့ထွက်ရှိအောင် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်သည်။ သီးထပ်စွမ်းအားနှစ်ဆမှ သုံးဆအထိရအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ စီးပွားရေး ဦးတည်ချက်တွင် “ တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့အတွက်  တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့်အကျုံးဝင်သော  စိုက်ပျိုးရေးနှင့် မွေးမြူရေးကို   ခေတ်မီနည်းစနစ်များဖြင့်  တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” ဟူ၍ဖော်ပြထားသည်။ ထိုဦးတည်ချက်များ အောင်မြင်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် လိုအပ်သည့်ငွေကြေးနှင့် အခြားသော အထောက်အကူများကို ကူညီဖြည့်ဆည်းပေးလျက်ရှိသည်။ သက်ဆိုင်ရာလုပ်ငန်းများတွင် ပါဝင်သူများအနေဖြင့်  မိမိတို့လုပ်ဆောင်နေသည့် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ကြရန်သာ  လိုအပ်လှပေသည်။ သို့မှသာ စိုက်ပျိုးရေးနှင့်မွေးမြူရေး ထွက်ကုန်များ ဈေးနှုန်းကြီးမြင့်ခြင်းကို ကျော်လွှားနိုင်မည်ဖြစ်သည်။

နိုင်ငံ့စီးပွားရေးမြင့်မား တိုးတက်စေရန်မှာ အဓိကအားဖြင့် ပြည်ပမှတင်သွင်းကုန်များ လျှော့ချနိုင်ပြီး မိမိတို့နိုင်ငံမှထုတ်ကုန်များ ပြည်ပသို့ပိုမို တင်ပို့နိုင်ရေးပင်ဖြစ်သည်။  ပြည်တွင်းမှစိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို မြှင့်တင်နိုင်မှသာ ၎င်းနှင့်ဆက်စပ်နေသည့် ကုန်ထုတ်လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာနိုင်မည်ဖြစ်သည်။ ပြည်ပမှသွင်းကုန်များ လျှော့ချနိုင်ပါက နိုင်ငံခြားငွေသုံးစွဲမှုလည်း လျော့ကျလာနိုင်မည်ဖြစ်သည်။ သို့မှသာ  ပြည်တွင်းငွေကြေး ခိုင်မာမှုရှိလာပြီး  ကုန်ဈေးနှုန်းလည်း တည်ငြိမ်လာမည်ဖြစ်သည်။  ဤသည်ကိုရည်မှန်း၍ နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုကို နှစ်ဆတိုးမြှင့်နိုင်ရန် ကြပ်မတ်ဆောင်ရွက်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၄ -၂၀၂၅ စိုက်ပျိုးရေး ရာသီအတွင်း  မိုးစပါးစိုက်ပျိုးဧက ၁၄ ဒသမ ၈ သန်းကျော်၊ နွေစပါးစိုက်ပျိုးဧက ၂ ဒသမ ၀၉ သန်းကျော်၊ ပြောင်းမျိုးစုံစိုက်ပျိုးဧက ၂ ဒသမ ၁ သန်းကျော်၊ ဆီထွက်သီးနှံ စိုက်ပျိုးဧက ၃ ဒသမ ၂ သန်းကျော်နှင့် ပဲမျိုးစုံစိုက်ပျိုးဧက သုံးသန်းကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။ စိုက်ပျိုးပြီးစီးသည့်  စပါးအပါအဝင်သီးနှံများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေး လုပ်ဆောင်ကြရမည်ဖြစ်သည်။  စိုက်ပျိုးရေးတွင်အဓိကအားဖြင့် နည်းလမ်းလေးသွယ်ဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းတို့ကို သတ်မှတ်ချက်များနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ရမည်ဖြစ်သည်။ အဆိုပါလေးချက်တွင် နည်းပညာသည်လည်း အဓိကကဏ္ဍတွင်ရှိနေသည်။ ခေတ်နှင့်အညီ စိုက်ပျိုးရေး နည်းပညာများကိုလည်း စဉ်ဆက်မပြတ် လေ့လာကာ လုပ်ဆောင်နေကြရမည်ဖြစ်သည်။

စိုက်ပျိုးရေးထုတ်ကုန်များ တိုးမြှင့်နိုင်ရန် စိုက်ပျိုးရေးလုပ်ငန်းမှ ထွက်ရှိသည့် ထွက်ကုန်များကို အခြေခံပြီး စက်မှုနည်းပညာများနှင့် ပေါင်းစပ်အသုံးပြုကာ ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲ အနေဖြင့် ၂၀၂၂ ခုနှစ်မှစ၍ MSME လုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်ရန် နိုင်ငံအနှံ့သွားရောက်ပြီး တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။ MSME လုပ်ငန်းတွင် ကုန်ကြမ်းရရှိရေးသည် အဓိကဖြစ်သည်။ ဒေသအလိုက်ထွက်ရှိသည့် ကုန်ကြမ်းအပေါ်တွင် အခြေခံရန် မူဝါဒပေးထားပြီး ထိုမှတစ်ဆင့် တန်ဖိုးမြင့်ကုန်ပစ္စည်းများ ထုတ်လုပ်ရေး၊ ပြည်ပသို့တင်ပို့ရေး၊ သွင်းအားစုများရရှိရေး၊ ဘဏ္ဍာငွေအကူအညီပေးရေး၊ လူသားအရင်းအမြစ်များ ရရှိရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင်စိုက်ပျိုးရေးနှင့် မွေးမြူရေးကို မိရိုးဖလာနည်းလမ်းအတိုင်း ဆောင်ရွက်ခြင်းထက် ခေတ်မီနည်းပညာများကို အသုံးချနိုင်မှသာ  အထွက်နှုန်း တိုးတက်လာမည်မှာ အသေအချာဖြစ်သည်။

ထို့အတူ မွေးမြူရေးနှင့် ပတ်သက်ပါကလည်း အစာနှင့်ရေကို စနစ်တကျတိုက်ကျွေးသည့် စနစ်ဖြင့် ဒေသတွင်း ထွက်ရှိသည့်ကုန်ကြမ်းများကို အသုံးပြုပြီး   အောင်မြင်သောမွေးမြူရေး လုပ်ငန်းဖြစ်အောင် ဦးစားပေး ဆောင်ရွက်ကြရမည်ဖြစ်သည်။   နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက်   ပြည်ပမှစားသုံးဆီ နှစ်စဉ် ဒေါ်လာသန်း ၅၀၀ ကျော်ဖိုးတင်သွင်းနေရသည်ကို ၂၀၂၆ ခုနှစ်တွင်လျှော့ချရန် စီမံကြိုးပမ်းဆောင်ရွက်နေသည့် အတွက်  ဆီထွက်နှုန်း ကောင်းသည့် မြေပဲ၊ နှမ်း၊ နေကြာတို့ကို ပိုမိုတိုးချဲ့စိုက်ပျိုးကြရမည်ဖြစ်သည်။

သို့မှသာ စိုက်ပျိုးမွေးမြူရေးကို အခြေခံ နိုင်ငံ့စီးပွားမြင့်မားရန် ဆိုသည့်အတိုင်း ဖြစ်ပေါ်လာမည်ဟု ယုံကြည်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။