
တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ
ယမန်နေ့မှအဆက်
အကြောင်းမူကား သင်္ဘောနှင့်တွဲလျက်လိုက်ပါမည့် သမ္ဗန်ကြီးပေါ်တွင် မိန်းကလေးတို့ အိမ်သားတစ်စုကို ဘွားခနဲမြင်လိုက်ရသောကြောင့် ဖြစ်၏။ ကျွန်ုပ်သည် ပတ္တမြားစေတီပွဲသို့ ၎င်းတို့သွားလိမ့်မည်ဟု မသိရသောကြောင့် ဤပွဲတော်သို့လိုက်မည်မကြံစည်ဘဲ ကာလသားသူငယ်ချင်းများနှင့် (တော်သလင်းလပြည့် အဖိတ်နေ့ ကျောင်းပိတ်ရက်တွင်) ဘိုးစိန်ကြီးပွဲကြည့်ကြဖို့ စိတ်ကူးထားရာ ကျောင်းဆရာများ၏ ခေါ်ငင်မှုကြောင့် အားနာပါးနာနှင့် လိုက်ပါလာခဲ့ရသည်တွင် မိန်းကလေးအား မမျှော်လင့်ဘဲ တွေ့ရခြင်းကြောင့် ဝမ်းသာလုံးဆို့သွားခြင်းဖြစ်လေသည်။ ဖော်ပြခဲ့သည့်အတိုင်း မိန်းကလေးသည် ကျွန်ုပ်နှင့်သမီးရည်းစား မဟုတ်စေရကာမူ ယခုအချိန်တွင် ကျွန်ုပ်သိန်းထီပေါက်၍ ကြေးနန်းရသည်ဆိုစေဦး ထိုအခါကလောက် ရင်ဘတ်ကိုဆောင့်လောက်အောင် နှလုံးခုန်လိမ့်မည်မထင်ပေ။ ဖွင့်ဟပြောဆိုရခြင်း၊ စကားကိုလက်ခံခြင်း ဟူ၍မရှိသေးဘဲ မျက်လုံးချင်းကြိုက်သည်ဆိုခြင်းမှာပင် ကိုယ့်အထင် သက်သက်မျှသာရှိသေးပါလျက် ဤမျှလောက်တုန်လှုပ်ရသည်ဆိုသော လူပျိုကလေးသည် တော်တော်ရှားလိမ့်မည်ထင်ပါသည်။
နားလည်သလောက်ချဉ်းကပ်ခြင်း
သင်္ဘောထွက်သောအခါ ၎င်းတို့မိသားစုသည် သင်္ဘောနှင့်ကပ်လျက် ရှိသည့် သမ္ဗန်ပိုင်းတွင် ကော်ဇောခင်းလျက်လိုက်ပါလာကြရာ ကျွန်ုပ်သည်လည်း သမ္ဗန်နှင့်ကပ်လျက်ရှိသော သင်္ဘောပိုင်းတွင် မတ်တတ် ရပ်လျက်လိုက်ပါလာ၏။ ကျောင်းဆရာအဖွဲ့သည် သင်္ဘောဦးပိုင်းတွင် ကော်ဇောခင်းလျက်ထိုင်၍ လိုက်ကြရာ ကျွန်ုပ်သည် ၎င်းတို့ကော်ဇော အနီးသို့ မချဉ်းကပ်တော့ဘဲ သင်္ဘောနံဘေးရှိ သံတိုင်ကိုမှီလျက် လိုက်ပါလာ၏။ သင်္ဘောနှင့်သမ္ဗန်မှာ ပူးတွဲထားခြင်းဖြစ်သောကြောင့် ကျွန်ုပ် နှင့်သူတို့အဖွဲ့သည် နှစ်လံမျှလောက်သာဝေးကွာ၏။ မိန်းကလေး၏ အုပ်စု၌ အရပ်ထဲမှ အပျိုကြီးတစ်ယောက်ပါရှိရာ အပျိုကြီးကပင် ကျွန်ုပ်အား စတင်၍နှုတ်ဆက်သဖြင့် နိမိတ်ကောင်းသည်ဟု ကျွန်ုပ်ဝမ်းသာမိ၏။ ထူးဆန်းခြင်းတစ်ခုမှာ ကျွန်ုပ်တို့အိမ်နှင့် မိန်းကလေး၏အိမ်မှာ သုံးအိမ်ကျော်လောက်သာ ခြားသည်ဆိုသော်လည်း ဝင်းထဲနှင့် လမ်းမတန်းဖြစ်သည်တစ်ကြောင်း၊ အပေါင်းအသင်းမှာလည်း တစ်ဂိုဏ်းစီ ဖြစ်သည် တစ်ကြောင်းကြောင့် တစ်အိမ်နှင့်တစ်အိမ် ခေါ်ငင်နှုတ်ဆက်ခြင်းမရှိကြဘဲ ကိုယ့်ဂုဏ်နှင့်ကိုယ် ခပ်တည်တည်နေခဲ့ကြလေသည်။ ထိုနေ့၌ ကျွန်ုပ်သည် သင်္ဘောသံတိုင်ကိုမှီလျက် အပျိုကြီးနှင့်စကား ပြောစဉ် မိန်းကလေး၏အမေနှင့် အလွန်နှုတ်ဆက်ချင်သော်လည်း တစ်ခါဖူးမျှမလုပ်ခဲ့သည့်အထဲတွင် ပိုးပန်းသူပေါများသော သမီးချော တစ်ယောက်၏မိခင်ပီပီ ခပ်တည်တည်မျက်နှာထားမျိုး ရှိသည်ဖြစ်၍ နှုတ်ဆက်ရန် မဝံ့တော့ဘဲ အပျိုကြီးနှင့်သာ အဆက်မပြတ် စကားပြောရတော့သည်။ သို့နှင့် ကျွန်ုပ်က တစ်ခွန်းတလေပြောသည့်ပြက်လုံး ကလေးများကို သမီးကရယ်၍ အမေကြီးက ပြုံးဖော်ရခြင်းအတွက်ပင် ကျေးဇူးတင်လှပါလေပြီ။ မိန်းကလေး၏ ရုပ်ရည်နှင့်ပတ်သက်၍ ရေးသားရသော် အချောအလှကြီးတစ်ယောက်ဟု မဆိုနိုင်သော်လည်း တစ်ကြိမ်မြင်လိုက်လျှင် လှည့်၍မကြည့်ဘဲမနေနိုင်သည့် (Striking) ရုပ်ဆင်းသဏ္ဌာန်မျိုး ရှိသောကြောင့် သင်္ဘောပေါ်၌လိုက်ပါလာသော ကာလသားများသည် မိန်းကလေးအုပ်စုကို ရစ်ပတ်နေကြရာမှ ဟန်ကျ နေသည့် အမူအရာမျိုးဖြင့် သမ္ဗန်ဘက်မှလှမ်း၍ စကားပြောနေသည့် ကျွန်ုပ်အား နာလိုဟန်မတူသော မျက်နှာထားများနှင့် ကြည့်ကြခြင်းကို ကျွန်ုပ်သတိပြုမိ၏။ တချို့ကလည်း (နည်းတော့နည်းသည်) 'နိပ်ပါ ပေ့ကွာ'ဟူသော အဓိပ္ပာယ်မျိုးနှင့် ကြည့်ကြသဖြင့် ကျွန်ုပ်၏နှလုံး၌ ခွေ့လှသည်။ တစ်ချက်တစ်ချက်တွင် အပျိုကြီးက ကလိသောမျက်နှာ ထားနှင့်
"မောင်ဖေသိန်း မညောင်းဘူးလား"
"မညောင်းပေါင် အစ်မကြီးရာ။ တစ်နေ့လုံးရပ်ရ ရပ်ရ" ဟု ပြောလိုက်ရာတွင် အပျိုကြီးနှင့်အမေကြီးကရယ်ကြ၍ မိန်းကလေးကား မျက်နှာလွှဲ၍သွားသည်။ 'နိပ်ဟ' ဟု စိတ်ထဲကသြဘာပေးလိုက်၏။
အကဲစမ်းလိုက်ပုံ
ပတ္တမြားစေတီဘုရားအောက်ရှိ ဝါးချက်ဆိပ်ကမ်းသို့ သင်္ဘောဆိုက် ကပ်၍ သင်္ဘောပေါ်မှဆင်းပြီး သူ့ချောင် ငါ့ချောင်တက်ကြရာတွင် မိန်းကလေးတို့အုပ်စု တည်းခိုမည့်ချောင်အမည်ကို မမေးလိုက်မိသည် နှင့်ကွဲရချေတော့မည်လောဟု တထိတ်ထိတ်ဖြစ်မိသေး၏။ သို့ရာတွင် ကျွန်ုပ်တို့ကျောင်းဆရာအဖွဲ့နှင့် တစ်ချောင်တည်း တည်းခိုကြသည်ကို တွေ့ရ၍ ဒုတိယအကြိမ် ဝမ်းအသာကြီးသာခဲ့ရပြန်ပါသည်။ ညနေပိုင်း တွင် ကျောင်းဆရာများနှင့် ကျွန်ုပ်တို့သည် 'ချောင်လည် ချောင်ပတ်' ထွက်ကြမည်ဟု ဇရပ်မှ ဆင်းလာကြရာတွင် ချောင်အဝင်ဝရှိ ဇရပ် ကတုံးပေါ်၌ ထိုင်နေကြသည့် ကျွန်ုပ်၏အပျိုကြီးနှင့် စံဒေဝီကိုတွေ့ရာ (စံဒေဝီမှာ မိန်းကလေးအား ကျွန်ုပ်၏စိတ်ကူးဖြင့် မှည့်ထားသော နာမည်ဖြစ်သည်။) အပျိုကြီးက …"မောင်ဖေသိန်းတို့ ဘယ်ထိအောင် သွားကြမလို့လဲ" ဟုမေးသည်နှင့် ကျွန်ုပ်က…. "ဘယ်ရယ်လို့ မဟုတ်ပါ ဘူး အစ်မကြီး။ ချောင်လည်ချောင်ပတ်ပါပဲ" ဟု ပြန်ပြော၏။
"ဒီလိုဆို အပြန်တော့ ပန်းခူးခဲ့နော်။ ဗြိဇင်ပန်းတွေ ပေါလှပြီတဲ့"
"ဘယ်သူပန်မှာလဲဗျ"
"အစ်မကြီးပန်မှာပေါ့ကွယ်"
"အစ်မကြီးလည်း ပန်ပေါ့ဗျာ။ တခြားလူလည်း ပန်ဦးမှပေါ့။ ဟုတ်ဘူး လား"
ဤတွင် အပျိုကြီးသည် စံဒေဝီအား ပြုံးစိစိမျက်နှာထားနှင့် လှမ်းကြည့်လိုက်ရာ စံဒေဝီက…
"ပန်ပါ့မယ်တော်။ ပန်ပါ့မယ်။ ခူးသာခူးခဲ့ပါ"ဟု ပြောလိုက်၏။
ထို့နောက် ကျွန်ုပ်တို့ကျောင်းဆရာအဖွဲ့ထွက်လာခဲ့ကြရာ ခပ်ကြီးကြီး ဆရာများက ရှေ့မှသွားကြ၍ ခပ်ငယ်ငယ်ရှိကြသည့် ဆရာဘဦးနှင့် ကျွန်ုပ်က နောက်မှလိုက်ကြ၏။ လမ်းခရီးတွင် ကျွန်ုပ်သည် ဗြိဇင်ပန်း များကို အားပါးတရခူးလေရာ ဆရာဘဦးက...
"ဗျို့ … ဆရာဖေသိန်း။ ပန်းတွေ ဘာလုပ်ဖို့လဲ"
"ခုနက မှာလိုက်တာ ဆရာ မကြားဘူးလား" "အို … မလုပ်နဲ့။ မခူးနဲ့ဗျ။ ခင်ဗျား မကြားဖူးဘူးလား"
"ဘာကြောင့်လဲဆရာ"
"ပန်းပေးလျှင် ကျိန်းကျေတတ်တယ်ဗျ"ဟုဆိုကာ ကျွန်ုပ်၏လက်ထဲမှ ပန်းများကိုယူ၍ လွှင့်ပစ်လိုက်၏။ ကျွန်ုပ်သည် ဆရာဘဦး၏ စကား အဓိပ္ပာယ်ကို ရုတ်တရက်နားမလည်သည်နှင့် စဉ်းစားနေပြီးမှ သဘောပေါက်၍ ပန်းအားလုံးကို လွှင့်ပစ်လိုက်လေ၏။
ချောင်သို့ ပြန်ရောက်ကြသောအခါ အပျိုကြီးက ... "ဟေ့ ... မောင်ဖေသိန်း။ ဘယ်မှာလဲကွဲ့ ဗြိဇင်ပန်း"ဟု မေးရာ ကျွန်ုပ်မှာ အဖြေ ပေးရန် ကြိုတင်စိတ်ကူးထားခြင်းမရှိသည်နှင့် အတတဖြစ်ပြီး... "ပန်း မတွေ့ဘူး အစ်မကြီးရဲ့"ဟု ပြန်ပြောလိုက်ခြင်းကို စံဒေဝီကျေနပ်ပုံမရ ချေ။
စံဒေဝီတို့၏ဇရပ်နှင့် ကျွန်ုပ်တို့၏ဇရပ်မှာ ယှဉ်ကပ်လျက်ရှိရာ ဇရပ်နှစ်ဆောင် အကြားတွင် သောက်ရေအိုးများထား၍ နှစ်ဖက်စလုံးက ရေသောက်ကြရ၏။ လည်ပတ်ရာမှ ပြန်ရောက်လာ၍ မကြာမီ စံဒေဝီနှင့် ကျွန်ုပ်သည် သောက်ရေအိုးစင်၌ ပက်ပင်းသွားဆုံမိကြလေရာ (ကျွန်ုပ် က တမင်ဆုံဖို့ မကြိုးစားခြင်းမှန်ပါသည်။ အမေကြီးကို ရွံ့လှပါသည်။) စံဒေဝီက ရေမှုတ်ကိုအရင်ရ၍ ရေသောက်နေခြင်းကို ကျွန်ုပ်ကစောင့် နေရ၏။ ကျွန်ုပ်သည် တစ်ခုခုပြောချင်သော်လည်း ဘာပြောရမည်မသိ သည်နှင့်... "ပန်းမခူးခဲ့တာ စိတ်မဆိုးပါနဲ့။ ကျိန်းကျေသွားမှာစိုးလို့ပါ မရယ်" ဟု လွှတ်ခနဲပြောလိုက်၏။ ဤတွင် စံဒေဝီသည် ရေမှုတ်ကိုပြန်ချ ၍ မျက်ခုံးချီကာ မျက်နှာထား တည်တည်ကြီးဖြင့် လှည့်ပြန်သွားလေ၏။ စံဒေဝီ၏မျက်ခုံးချီပုံမှာ ဇာတ်လိုက်မင်းသမီး ခင်ခင်နု၏မျက်ခုံးချီပုံနှင့် တူလှ၍ ခင်နု၊ ဘတင့်တို့၏ 'တစ်ပြည်သူ' ဇာတ်ကားကိုကြည့်ရစဉ်က စံဒေဝီကို လွမ်းမိပါသေးသည်။
မမေ့နိုင်သော မျက်နှာထား
ဘုရင်မတစ်ဦးတစ်ယောက်နှင့် စကားပြောလျက်ရှိစဉ် စကား တစ်လုံးမှားသွားသဖြင့် ဘုရင်မက အလိုမကျသည့်အနေဖြင့် မျက်လုံး ပြူးကြည့်ခြင်းခံရသော မင်းခစားယောက်ျားသည် ကျွန်ုပ်ထက်ပို၍ ထိတ်လန့်တုန်လှုပ် လိမ့်မည်မထင်ပေ။ အမှန်ကိုရေးရလျှင် ကျွန်ုပ်သည် စံဒေဝီအား ချစ်ကြိုက်လျက်ရှိသော်လည်း ကရော်ကမည်ပြက်ရယ် စကားပြောဖို့လုံးဝမဝံ့ဘဲ ဘုရင်မတစ်ယောက်ကဲ့သို့ပင် ကြောက်ရွံ့ လျက်ရှိခြင်းမှန်ပါသည်။ "ငါတော့သွားပြီ။ စိတ်ဆိုးသွားပြီ။ ဘယ့်နှယ် လုပ်မလဲ။ ဘယ့်နှယ်မှ မလုပ်တတ်ဘူး။ ခံရုံပဲ"ဟု အောက်မေ့ကာ သူငယ်ချင်း ကိုဖေကိုသာ တမ်းတမိပါတော့သည်။
မျက်ခုံးချီခြင်းသည် အလိုမကျသော အဓိပ္ပာယ်မှတစ်ပါး ဘာမျှမရှိ။ ငါတော့ လွဲလေပြီဆိုကာ ယူကျုံးမရဖြစ်လျက်ရှိ၏။ အင်္ဂလိပ်ဝတ္ထု အမြောက်အမြားဖတ်ဖူး၍ ၁၉ နှစ်သားရှိပြီဖြစ်သော ကျွန်ုပ်ကဲ့သို့ 'ဝေး'သော လူငယ်တစ်ယောက်သည် ဤခေတ်တွင် ရှိလိမ့်မည်မထင် ပေ။ ကျွန်ုပ်သည် စိတ်နှလုံးညှိုးငယ်စွာဖြင့် ချောင်ထဲမှထွက်လာ၍ စောစောက စံဒေဝီနှင့်အပျိုကြီးတို့ထိုင်ခဲ့ကြသည့် ဇရပ်ကတုံးပေါ် တွင် တစ်ယောက်တည်းထိုင်နေ၏။ ခဏမျှကြာသောအခါ အပျိုကြီးတစ်ယောက်တည်း ထွက်လာ၍ စပ်ဖြဲဖြဲမျက်နှာထားဖြင့် "ဟေ့ ... မောင်ဖေသိန်း။ မင်းက မ … ကို ဘာပြောလိုက်တာလဲဟေ့" ဟု မေးလိုက်ရာ ကျွန်ုပ်မှာ မျက်နှာထူပူသွား၏။
ဆက်လက်ဖော်ပြပါမည်။