၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ရွာသွန်းခဲ့သောမိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှု အခြေအနေများ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနသည် အရှေ့အာရှအက်စစ်ဖြစ်ထွန်းမှု စောင့်ကြည့် တိုင်းတာရေးကွန်ရက် (Acid Deposition Monitoring Network in East Asia- EANET) အဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ် ၂၀၀၅ ခုနှစ်နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့ကြီးများ၏ ရွာသွန်းသော မိုးရေများကိုစုဆောင်းကာ မိုးရေတွင် အက်စစ်ဖြစ်ထွန်းမှုအခြေအနေကိုသိရှိရန် မိုးရေ၏ pH တန်ဖိုးများတိုင်းတာခြင်း လုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း စခန်း ၃ စခန်းမှ မိုးရေနမူနာများ စုဆောင်းရယူခဲ့ပါသည်။ မိုးရေ နမူနာတိုင်းတာရရှိခဲ့သည့် စခန်း ၃ စခန်းတို့မှ ရွာသွန်းခဲ့သောမိုးရေများ၏ pH တန်ဖိုးများသည် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)မှ စံသတ်မှတ်ထားသည့် သောက်သုံးရေအတွက် pH တန်ဖိုးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ စံသတ်မှတ်ထားသည့် သောက်သုံးရေအတွက် pH တန်ဖိုး 6.5 – 8.5 အတွင်းတွင်ရှိကြောင်း တိုင်းတာရရှိခဲ့ပါသည်။
မိုးရေ၏ pH တန်ဖိုးသည် 5.6 အောက်ရောက်ရှိမှသာ အက်စစ် ဂုဏ်သတ္တိရှိသောကြောင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း မိုးရေနမူနာ တိုင်းတာရရှိခဲ့သည့်စခန်း ၃ စခန်းတို့၌ ရွာသွန်းခဲ့သော မိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှု အခြေအနေမရှိကြောင်း တွေ့ရှိရပါသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန