(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံပြည်သူ့ အငှားအိမ်ရာ ဖွင့်လှစ်
ဘားအံ ဖေဖော်ဝါရီ ၄
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ၂၀၂၄-၂၀၂၅ ခုနှစ် ပြည်နယ်ဘဏ္ဍာ ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၉၃၂ ဒသမ ၈၈၅ သန်းဖြင့် တည်ဆောက်သော သုံးခန်းတွဲငါးထပ် ပြည်သူ့အငှားအိမ်ရာ တစ်လုံးဖွင့်ပွဲကို ဖေဖော်ဝါရီလ ၄ ရက် နံနက်ပိုင်းတွင် ဘားအံမြို့အမှတ်(၂)ရပ်ကွက် အင်းလေးလမ်းရှိ အဆိုပါပြည်သူ့အငှားအိမ်ရာ၌ ကျင်းပသည်။
ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဘားအံပြည်သူ့အငှား အိမ်ရာတွင်နေထိုင်ကြမည့် ပြည်သူများအနေဖြင့် မိမိတို့နေထိုင်သည့် အိမ်ရာအား မိမိတို့ကိုယ်ပိုင်အိမ်ကဲ့သို့ အိမ်ငှားစည်းကမ်းများနှင့်အညီ ထိန်းသိမ်း စောင့်ရှောက်ကြစေလိုပြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့်လည်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အိမ်ရာများကို ထိန်းသိမ်းစောင့်ရှောက် ကြပ်မတ်ဆောင်ရွက် သွားစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သုံးခန်းတွဲငါးထပ်ပြည်သူ့အငှားအိမ်ရာကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဖွင့်ပွဲတွင်ပါဝင် ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များ၊ ဘင်ခရာ၊ ပန်းဖွားအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်သည်။
ထို့နောက်စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူး၍ အဆောက်အအုံ၊ ကွန်ကရစ်လမ်း၊ ထရန်စဖော်မာ၊ ပြင်ပမီးလိုင်းနှင့် ရေရရှိရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်သူ့အငှားအိမ်ရာတွင် ရေမီးအပြည့်အစုံဖြင့် ငှားရမ်းနေထိုင်ကြမည့် အိမ်ထောင်စု ၁၂ စုအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကား ပြောကြားကြောင်း သိရသည်။