တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သွားရောက်တွေ့ဆုံ နှုတ်ဆက်၊ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ပြင်ဆင် ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
နေပြည်တော် ဖေဖော်ဝါရီ ၄
၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများဖြင့် ပါဝင်ဆင်နွှဲမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော် အားကစားလေ့ကျင့်ရေး စခန်းစားရိပ်သာ၌ သွားရောက်တွေ့ဆုံ နှုတ်ဆက်သည်။
တွေ့ဆုံစဉ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက ကြိုဆိုနှုတ်ဆက်စကား ပြောကြားပြီး တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ တည်းခိုနေထိုင်သည့် တည်းခိုဆောင်များ၊ ခရီးသွားလက်မှတ် အရောင်းဌာန၊ Sim Card နှင့် ငွေဖြည့်ကတ် အရောင်းဆိုင်ခန်း၊ မြန်မာ့ဆေးဝါးလုပ်ငန်း (BPI)ဆေးဝါးအရောင်းဆိုင်ခန်း၊ အဝတ် အထည်နှင့် စတီးအိမ်သုံးပစ္စည်း အရောင်းဆိုင်ခန်း၊ စာပေဗိမာန်စာအုပ် အရောင်းဆိုင်ခန်း၊ ဆေးပေးခန်း၊ စာကြည့်တိုက်နှင့် ဆပ်ကော်မတီ ရုံးခန်းများကို လှည့်လည်ကြည့်ရှုသည်။
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ဖျော်ဖြေကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များကို တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုအကများ အပြန်အလှန်ဖလှယ်နိုင်ရန်ရည်ရွယ်၍ ဖိတ်ကြားခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ ၄၆ ဦး၊ ကချင်ပြည်နယ်မှ ၃၅ ဦး၊ ကယားပြည်နယ်မှ ၃၃ ဦး၊ ကရင်ပြည်နယ်မှ ၄၀ ၊ ချင်းပြည်နယ်မှ ၃၃ ဦး၊ မွန်ပြည်နယ်မှ ၃၈ ဦး၊ ရခိုင်ပြည်နယ်မှ ၃၉ ဦးနှင့် ရှမ်းပြည်နယ်မှ ၄၀ စုစုပေါင်း ၃ဝ၄ ဦး ရောက်ရှိကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် တာဝန်ရှိသူများနှင့်အတူ နေပြည်တော် ဥပ္ပါတသန္တိစေတီတော် တောင်ဘက်တပေါင်းကွင်း၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ကျင်းပမည့် ကွင်းအတွင်း ဝန်ကြီးဌာနပြခန်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြခန်းများ၊တိုင်းရင်းသားရိုးရာအစားအစာ ရောင်းချဆိုင်ခန်းများ၊ MSME ထုတ်ကုန်ပစ္စည်းများ ပြခန်းများ တည်ဆောက်နေမှုနှင့် တည်ဆောက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။