ရေမွန်းသော မွေးကင်းစကလေးအား အသက်ကယ်ပြုစုခြင်း သင်တန်းဖွင့်ပွဲကျင်းပ

 

ရေမွန်းသော မွေးကင်းစကလေးအား အသက်ကယ်ပြုစုခြင်း သင်တန်းဖွင့်ပွဲကျင်းပ

 

ပြည် ဖေဖော်ဝါရီ  ၄

      ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ   ကြီးမှူး၍ ရေမွန်းသော   မွေးကင်းစကလေးအား    အသက်ကယ်ပြုစုခြင်း   သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၃ ရက်က ပြည်မြို့ရှိ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၌ ကျင်းပသည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင်   ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူး    ဒေါက်တာဇော်မင်းထွန်းက မွေးကင်းစနှင့်   အသက်ငါးနှစ်အောက်ကလေး သေဆုံးမှုလျှော့ချရေး ရည်မှန်းချက်များ ပြည့်မီနိုင်ရန်အတွက်  ရေမွန်းသော မွေးကင်းစကလေးများအား အရည်အသွေးပြည့်ဝသော   အသက်ကယ် ပြုစုစောင့်ရှောက်မှုများ ပိုမိုရရှိစေရန်၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၏ မွေးကင်းစကလေး ကျန်းမာရေး ပြုစုစောင့်ရှောက်မှုဆိုင်ရာ   စွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် အရည်အသွေးပြည့်ဝသော    မွေးကင်းစကလေးပြုစု စောင့်ရှောက်ပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့်  သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။

အဆိုပါသင်တန်းကို ဖေဖော်ဝါရီလ  ၃ ရက်မှ ၉ ရက်အထိ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး သင်တန်းသို့ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) မြို့နယ် ၁၄ မြို့နယ်မှ အမျိုးသမီးကျန်းမာရေး ဆရာမကြီးများနှင့်  သားဖွားဆရာမ   သင်တန်းသား၊သင်တန်းသူ စုစုပေါင်း ၅၈၃ ဦး တက်ရောက်ကြောင်း၊ သင်တန်းတွင် မွေးကင်းစအထူးကု ဆရာဝန်ကြီးများက    မွေးပြီးပြီးချင်း ကလေးအား သမားရိုးကျပြုစုစောင့်ရှောက်ခြင်း၊ အသက်မရှူ/မငိုသော ကလေးအား အဖိုးတန်မိနစ်အတွင်းမှ အသက်ကယ်ပြုစုစောင့်ရှောက်ခြင်း၊    လေအိတ်နှင့်မျက်နှာဖုံး စနစ်တကျအသုံးပြုပြီး အသက်ကယ်ပြုစုခြင်း၊     အဆင့်မြင့်ပြုစုစောင့်ရှောက်မှု လိုအပ်သည့်    ကလေးများကို အချိန်မီဆုံးဖြတ်၍ လွှဲပြောင်းညွှန်းပို့နိုင်ရန် စီမံခြင်း စသည့် မွေးကင်းစကလေး ကျန်းမာရေးဆိုင်ရာများကို     စာတွေ့လက်တွေ့    သင်ကြားပို့ချပေးလျက် ရှိကြောင်း သိရသည်။