ရွာငံ၊ ခရီးသွား
ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သော ရွာငံဒေသရှိ လက်ဖက်နှင့် ကော်ဖီခြံများကို လည်ပတ် လေ့လာနိုင်မည့်ခရီးစဉ်များ အကောင်အထည် ဖော်လျက်ရှိပြီး ၂ဝ၂၁ ခုနှစ်နှင့် ၂ဝ၂၂ခုနှစ် နှစ်နှစ်တာ ကာလ အတွင်း အပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း ရွာငံဖွံ့ဖြိုးရေး အဖွဲ့ (Ywangan Tourism Organization-YTO) တွဲဖက်အတွင်းရေးမှူး ဦးကျော်သန်း၏ ပြောပြချက်အရ သိရသည်။
အဆိုပါခရီးစဉ်ဖော်ဆောင်နိုင်ရန် နိုင်ငံ တကာကုန်သွယ်မှုဗဟိုဌာန (ITC) နှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ပြီး ခရီးစဉ် တိုင်းတွင် လက်ဖက်နှင့်ကော်ဖီခြံများကို သွားရောက်လေ့လာသည့်ခရီးစဉ်များ ထည့်သွင်းထားသကဲ့သို့ သဘာဝ လိုဏ်ဂူများသို့ လေ့လာရေးခရီးစဉ်နှင့် တွဲဖက်၍ နေ့ချင်း ပြန်ခရီးစဉ်နှင့် ညအိပ်ခရီးစဉ်များလည်း ထည့်သွင်း ရေးဆွဲထားကြောင်း သိရသည်။
''လက်ဖက်နဲ့ ကော်ဖီခြံတွေကို အခြေခံပြီး သဘာဝအခြေခံခရီးသွားလုပ်ငန်းဖြစ်ပေါ် လာအောင် ခရီးစဉ် တွေရေးဆွဲ နေသလို သင်တန်းတွေလည်း ပို့ချနေပါတယ်။ ထုတ်ကုန်တွေကို တန်ဖိုးမြှင့်ထုတ်ကုန်တွေဖြစ် လာအောင် သင်တန်းတွေပို့ချမယ်။ ခရီးစဉ် ရှာဖွေရေးဆွဲတာတွေကို ITC နဲ့လက်တွဲပြီး ဆောင်ရွက်နေ ပါတယ်'' ဟု ဦးကျော်သန်း ကပြောသည်။
ထို့ပြင် ယင်းခရီးစဉ်တွင် ကော်ဖီထုတ် လုပ်ပုံများကို အနီးကပ်လေ့လာနိုင်မည့် အပြင် ကော်ဖီခြံများနှင့် လက်ဖက်ခြံများ သို့ သွားရောက်လည်ပတ်ပြီး ကိုယ်တိုင် လေ့လာကြည့်ရှုနိုင်ခြင်း၊ ရွာငံဒေသရှိ View Point များသို့ သွားရောက် လေ့လာခြင်းတို့ပါဝင်ကြောင်း၊ ထို့ပြင် ပြဒါး လင်းဂူခရီးစဉ်အတွက် ITC နှင့်ပူးပေါင်း၍ ခရီးစဉ် နှစ်ကြောင်း ရေးဆွဲထားပြီးဖြစ် ကြောင်း၊ လက်ဖက်ခြံလေ့လာသူများ အနေဖြင့် မတ်လမှ ဒီဇင်ဘာလ အထိ လာရောက်လေ့လာနိုင်ပြီး ကော်ဖီခြံ လေ့လာရေးအတွက် အကောင်းဆုံး အချိန်မှာ ကော်ဖီသီး မှည့်သည့် နိုဝင်ဘာလမှ မတ်လအထိဖြစ်ကြောင်း သိရသည်။
လက်ရှိ ရွာငံဒေသ၌ ဉာဏ်ကြီးရှင် ကော်ဖီ၊ အမရာကော်ဖီ၊ ရွှေရွာငံကော်ဖီ၊ ရွှေသိင်္ဂီကော်ဖီ၊ ရွှေတောင်သူ ကော်ဖီ၊ မြစေတီကော်ဖီ၊ ရနံ့သစ်ကော်ဖီ စသည့် ကော်ဖီလုပ်ငန်းများရှိသည်။
ထို့ပြင် မြစေတီကျေးရွာ၌ အော်ဂဲနစ် လက်ဖက်စိုနှင့် လက်ဖက်ခြောက်စက်ရုံ နှစ်ရုံရှိကာ ပလိုင်း Green Tea စက်ရုံ၊ ဓနုမင်းသား လက်ဖက်စို၊ လက်ဖက်ခြောက် မိသားစုထုတ်ကုန်လုပ်ငန်း၊ ရှမ်းရွှေတော် Green Tea နှင့် လက်ဖက်စို စက်ရုံ၊ ရေချမ်းပြင် ကျေးရွာ၌ ကမ္ဘောဇဓနုမြေ အော်ဂဲနစ်လက်ဖက် စက်ရုံများလည်းရှိ ကြောင်း သိရ သည်။
လင်းကြည်လင်း