ပညာရေးသည် လူငယ်တို့ဘဝမြင့်မားရေး

 

ပညာရေးသည် လူငယ်တို့ဘဝမြင့်မားရေး

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၅  ခုနှစ်၊ ဖေဖော်ဝါရီ  ၆  ရက်)

      လူတစ်ဦး၏ အနာဂတ်လှပကောင်းမွန်ရေးအတွက်  ပညာရေးသည် အခြေခံဖြစ်သည်။  ပညာကိုကြိုးစားကာ သင်ယူခဲ့သူ၏ အနာဂတ်သည် ပန်းခင်းသောလမ်းကို လျှောက်လှမ်းနေနိုင်သကဲ့သို့ဖြစ်ပြီး ပညာကိုမကြိုးစား၊ တန်ဖိုးမထားခဲ့သူ၏ အနာဂတ်သည် ဆူးခင်းလမ်းကို လျှောက်လှမ်းရသကဲ့သို့ဖြစ်သည်။

ဤသည်မှာ   မိမိတို့ဘဝကို  မိမိတို့ကိုယ်တိုင်က ဖန်တီးခဲ့ခြင်းဖြစ်သည်။   နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ  လူငယ်များအားလုံး ကျောင်းနေ အရွယ်ရောက်သည်နှင့် ကျောင်းတက်ခွင့်ရရှိပြီး ပညာသင်ကြားနိုင်ရေးကို စီမံဆောင်ရွက်ပေးလျက်ရှိသည်။ ကျောင်းနေအရွယ် ကလေးအားလုံး  ကျောင်းနေနိုင်ရေးအတွက် အခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော်လျက်ရှိသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ကျောင်းတက်နေသည့် ကျောင်းသား၊ ကျောင်းသူများအားလုံး ပညာရေးကို ဆုံးခန်းတိုင်သည်အထိ ပညာသင်ကြားနိုင်ရေး၊ တန်းစဉ်ကူးပြောင်းမှုများ တိုးတက်စေရေးနှင့် အသက်မွေးဝမ်းကျောင်းပညာနှင့်   အဆင့်မြင့်ပညာများကို သင်ယူပြီးမြောက်စေရေး   အလေးထား ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။  “မိဘ၊ ဆရာပူးပေါင်း ကလေးပညာကောင်း”ဆိုသည့်အတိုင်း မိဘနှင့်ဆရာတို့သည် ကလေးများနှင့်အနီးကပ်ဆုံး ထိတွေ့နေကြရသူများဖြစ်သည်။ အဓိကအားဖြင့် မိဘများမှာ တာဝန်အရှိဆုံးဟုဆိုနိုင်သည်။ ပညာသင်ရမည့် အရွယ်တွင် ပညာကို ဆုံးခန်းတိုင်အောင်သင်ယူနိုင်ရေးအတွက် မိဘတို့အနေဖြင့် ကျောင်းထားပေးကြရမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရက  KG+9 ပညာရေးစနစ်ကို အကောင်အထည်ဖော်ပေးလျက် ရှိသည်မှာ  မိမိတို့ သားသမီးများအား  ကျောင်းဆက်ထားရန် အခက်အခဲရှိသည့်မိဘများ၊ ကျောင်းသား၊ ကျောင်းသူများ အတွက်ဖြစ်သည်။ KG+9 ကိုသင်ယူတတ်မြောက်ပြီးသည်နှင့် နည်းလမ်းလေးသွယ် ဖွင့်ပေးထားသည်မှာ မိမိတို့၏ဘဝ အသက်မွေးဝမ်းကျောင်းအတွက် ရွေးချယ်နိုင်စေရန်ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများအားလုံး အလယ်တန်းအဆင့် နဝမတန်းပြီးမြောက်အောင်မြင်ပါက (၁)အခြေခံပညာ အထက်တန်းအဆင့်၊(၂)စက်မှုနည်းပညာ၊ (၃)စိုက်ပျိုးရေးအတတ်ပညာ၊  (၄)မွေးမြူရေး အတတ်ပညာ စသည့်ပညာရေး လမ်းသွယ်လေးမျိုးအနက် တစ်မျိုးမျိုးကိုရွေးချယ် သင်ယူနိုင်သည့်အခွင့်အရေးရှိသည်။

ကျောင်းတက်သင့်သည့်အချိန်တွင် ကျောင်းမတက်ရခြင်းသည် ကလေးများ၏ဘဝကို များစွာနစ်နာစေသည့်အပြင်  ဒေသနှင့်နိုင်ငံတိုးတက်ရေးကိုပါ ထိခိုက်စေသည်။   ထို့ကြောင့် နိုင်ငံတော်၏ အနာဂတ်အတွက် ကလေးအားလုံးကျောင်းနေပြီး  ပညာသင်ကြားနိုင်ရေး ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဆရာ၊ ဆရာမများ၊ မိဘများ၊ ရပ်မိရပ်ဖများအားလုံး ပူးပေါင်း၍ လှုံ့ဆော်ခြင်း၊ စည်းရုံးခြင်း၊ အားပေးပံ့ပိုးခြင်း စသည့်နည်းလမ်းများဖြင့်  ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် နိုင်ငံတော်အကြီးအကဲက  စဉ်ဆက်မပြတ်  လမ်းညွှန်မှုပြုလျက်ရှိသည်။  ဤသည်မှာ လူငယ်များ၏ အနာဂတ်သာယာလှပရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက်ပင်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည်  ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊  ဦးတည်ချက်(၉)ရပ် ချမှတ်ကာ နိုင်ငံတော်နှင့်နိုင်ငံသားများ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားရေးကို ရှေးရှုဆောင်ရွက်လျက်ရှိသည်။

ယနေ့လူငယ်များသည် အနာဂတ်နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြရမည့်သူများ ဖြစ်သည့်အတွက် လူငယ်တို့၏ပညာရေး၊ ကျန်းမာရေးကို အထူးပင်အလေးထား ဆောင်ရွက်လျက်ရှိသည်။ 

နိုင်ငံတိုင်းတွင် အသိပညာ၊ အတတ်ပညာသည် မရှိမဖြစ်သော ရတနာပစ္စည်းများဖြစ်လာနေသည်။ မြန်မာနိုင်ငံသည်လည်း မိမိနိုင်ငံ၏ အနာဂတ်အတွက် လက်ရှိပစ္စုပ္ပန် ကာလမှစတင်ကာ ပညာရည်မြင့်မားရေးကို တည်ဆောက်ပေးလျက်ရှိသည်။

ထို့ကြောင့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  လူမှုရေးဦးတည်ချက်များတွင် “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မား တိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့်  ဘက်စုံပညာရေးစနစ်ကို အကောင်အထည် ဖော်ဆောင်ရေး”နှင့် “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်စေရန်  လူငယ်ကဏ္ဍကိုမြှင့်တင် ဆောင်ရွက်ရေး”ဟူသည့် ဦးတည်ချက်များ ထည့်သွင်းထားသည်။ အဆိုပါဦးတည်ချက်များမှာ လူငယ်များအတွက်ဖြစ်သကဲ့သို့  နိုင်ငံတော်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်းဖြစ်သည်။  လာမည့် မတ်လတွင်ပြုလုပ်မည့်  က္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန်လျှောက်လွှာ တင်သွင်းထားသူ ၂ ဒသမ ၂ သိန်းကျော်ရှိသည်။  ကျောင်းသား၊ ကျောင်းသူများ  စနစ်တကျအေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးကို တာဝန်ရှိသူအဆင့်ဆင့်က လုပ်ဆောင်ပေးလျက်ရှိသည်။

နိုင်ငံတော်အစိုးရက ပညာရေးကဏ္ဍတွင် ဘက်စုံပညာရေးစနစ်ကို ကျင့်သုံးနေသည်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း မိမိတို့ဝါသနာနှင့် ကိုက်ညီသည့်ပညာရေး လမ်းသွယ်ကို ရွေးချယ်သင်ကြား ကြရမည်ဖြစ်သည်။  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာဆိုင်ရာ  လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေးအတွက် ခရိုင်အသီးသီးတွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာများကို သင်ကြားပေးနေသည့် အခြေခံပညာ အထက်တန်းကျောင်း ၈၅ ကျောင်းကို ဖွင့်လှစ်ပေးထားသည်။ ပညာတတ်မြောက်မှု မြင့်မားခြင်းမှာ နိုင်ငံ့ဂုဏ်ကိုမြှင့်တင်ပေးခြင်းဖြစ်သည်။ သို့ဖြစ်၍ ကျောင်းနေရမည့် အရွယ်တွင် ကျောင်းနေနိုင်ရေးနှင့် သတ်မှတ်ထားသည့် အတန်းပညာရပ်များ ပြီးမြောက်ရေးကို ကြိုးပမ်းကြမှသာ လူငယ်များ၏ အနာဂတ်ဘဝ မြင့်မားတိုးတက်မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။