
တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ
ယမန်နေ့မှအဆက်
"စိတ်ဆိုးသွားသလား အစ်မကြီးရယ်"
"ငါ့မောင်က တယ် အ သေးတာကိုး"
"ဘယ်လိုပါလိမ့် အစ်မကြီးရယ်"
"ဘာများ စကားကောင်းနေကြတာလဲ။ မေမေက ခေါ်နေတယ်တော်ရေ့"
ချောင်ဝမှ ဟစ်ခေါ်လိုက်သူမှာ စံဒေဝီဖြစ်လေရာ ကျွန်ုပ်သည် သူ့မျက်နှာကို လှမ်းကြည့်လိုက်သောအခါ မချိုမချဉ်လုပ်နေသော မျက်နှာထားကိုမြင်ရမှ "လွတ်စေ" အမိန့်ကျသော တရားခံကဲ့သို့ ရင်ထဲ၌ အေးသွားတော့သည်။ ငါ့အပေါ် စိတ်ဆိုးလျှင် ဤမျက်နှာထားမျိုးမဟုတ်နိုင်ဟု ကောက်နုတ်ချက် ထုတ်နိုင်လေသည်။ ဤတွင် ကျွန်ုပ် အားတက်လာသည်နှင့်...
"ဒီခေါ်လိုက်ပါဦး အစ်မကြီးရဲ့"
"ဟေ့... မ လာပါဦးအေ"
"မလုပ်နဲ့။ မေမေက ဘုန်းကြီးတွေကို ဘိလပ်ရည် ကပ်မလို့တဲ့။ ပြင်ကုန်ပြီတော့"
အပျိုကြီးလည်း ထသွားရလေရာ အုတ်လှေကားကို နှစ်ယောက်တွဲတက်သွားကြ၍ လှေကားထိပ်သို့ရောက်သောအခါတွင် စံဒေဝီသည် ကျွန်ုပ်ဘက်သို့ ဆတ်ခနဲ တစ်ချက်လှည့်၍ ကြည့်လိုက်ပုံမျက်နှာထားမှာ ယနေ့တိုင် မမေ့နိုင်အောင် ဝဲလျက်ရှိပါတော့သည်။ ကျွန်ုပ်သည် ထိုမျက်နှာထား၏ အဓိပ္ပာယ်ကို အမျိုးမျိုးတွေးတောခဲ့ရာ နောင်တွင် ဖြစ်ပျက်သော အခြင်းအရာများ ကြုံရသည်တွင်မှ "မောင်ရင် အပုံနဲ့တော့ လွဲကုန်ကြပါလိမ့်မယ်" ဟု ဆိုလိုဟန်တူကြောင်း စဉ်းစားမိပါတော့သည်။
ဖိုသံပေးခြင်း
ထိုည၌ ကျောင်းဆရာအဖွဲ့နှင့် ကျွန်ုပ်သည် ပတ္တမြားစေတီတောင်ထိပ်သို့ တက်ကြလေရာ လမ်းတစ်လျှောက်လုံးတွင် ကျွန်ုပ်ကဲ့သို့ တေးချင်းဆိုနိုင်သူတစ်ယောက်မျှ မရှိပေ။ ချစ်ကြိုက်ပါသည်ဟု ဖွင့်ပြောခြင်း၊ တုံ့ပြန်ဝန်ခံခြင်း မရှိသေးသော်လည်း ကျွန်ုပ်၏စိတ်ထဲ၌မူ "ငါတို့နှစ်ယောက်ကား ဤဘဝတွင် မလွဲနိုင်တော့ပြီ။ နံနက်၊ နေ့လယ်၊ ညအချိန်မရွေး သူ့မျက်နှာကို မဝမချင်း ကြည့်နိုင်ပေတော့မည်။ နီးနီးကပ်ကပ်ကြည့်နိုင်ပေတော့မည်" ဟူသော စိတ်ကူးသည် လမ်းတစ်လျှောက်လုံး ခဏကလေးမှ လပ်သည်မထင်။ ပေါ်ပြီးရင်းပေါ်ရင်း ဖြစ်နေတော့၏။
ချောင်မှ ထွက်ခါစတွင် ဦးဘိုးစိန်ကြီး၏ သစ္စာသား တေးချင်းတစ်ပုဒ်ကို (ရင်ထဲ၌ ပြည့်လျှံလွန်းသည်နှင့်) ဟစ်၍ သီဆိုလိုက်၏။ "မသိန်းညွန့်ရယ်နဲ့ မောင်စိန်ဟာ ဂဟေနှစ်ဖြာကူး၊ ရွှေနဖာစူးရယ်နဲ့၊ ရွှေနဖူးစာလေလေး နော်ဗျ၊ ဪ... စပ်ကြား၊ နတ်များရေးမှ ရေးတတ်ပလေ"ဤတစ်ပုဒ်ကို စံဒေဝီတို့ ကြားလောက်သောနေရာမှ သီဆိုပြီး ရပ်ထားလိုက်သည်တွင် အပျိုကြီးက … "ဟေ့ … မောင်ဖေသိန်း၊ ဆုံးအောင်ဆို ကွဲ့နော်"ဟု ပြောလိုက်ပြီး စံဒေဝီ၊ အမေကြီး၊ အပျိုကြီးနှင့် အခြားအိမ်သူအိမ်သားတို့၏ အသံများဖြင့် ဝါးခနဲရယ်လိုက်ကြလေရာ ပန်းမပေးဖို့ ပြောထားသည့် ဆရာဘဦးက … "ဆရာဖေသိန်းက ဖိုသံပေးနေတာ ဆရာတို့ရဲ့" ဟု ပြောလိုက်သည်နှင့် ဆက်၍ မဆိုတော့ဘဲ ... "နောက်များမှ အစ်မကြီးရဲ့" ဟု ပြန်ပြောပြီး ဆက်လက်တက်သွားကြလေ၏။
မမေ့နိုင်သော ညတစ်ည
တောင်ထိပ်ရှိ ပတ္တမြားစေတီသို့ ရောက်ကြသောအခါ တော်သလင်းလဆန်း ၁၄ ရက်လကလည်း ထိန်ထိန်ဝင်းလျက် ဧရာဝတီမြစ်ကြီးကို ထင်းထင်းကြီး မြင်ရပြန်၊ စေတီတော်၌လည်း ဖယောင်းတိုင်မီးများဖြင့် ဝင်းဝင်းလက်လက်ရှိနေပြန်၊ တီးလိုက်သည့် နရည်းသံကလည်း ဆိတ်ငြိမ်သော တောင်ထိပ်၌ ညအချိန်တွင် အသည်းနှလုံးတို့ကို ယစ်သွားစေမတတ် သာယာပြန်၊ ကျွန်ုပ်၏ စိတ်ဓာတ်ခံကလည်း မျှော်လင့်ချက်အမျိုးမျိုးတို့ဖြင့် ပြည့်တင်းဖောင်းကားလျက် ရှိပြန်လေရကား ကြည်နူးရွှင်မြူးလိုက်ပုံမှာ တစ်သက်တာတွင်မမေ့နိုင်ဆုံးသော ညတစ်ညအနေဖြင့် နှလုံးသားတွင် တံဆိပ်နှိပ်ခတ်လျက်ရှိပေတော့၏။ အချစ်နှင့်ပတ်သက်၍ ဘာတစ်ခုမျှ မည်မည်ရရမရှိသေးခြင်းကား မှန်ပါ၏။ သို့ရာတွင် မျက်နှာကိုကြည့်နေရလျှင် ဘာလိုသေးသည်ဟု မတောင့်တဘဲ ကျေနပ်ခြင်း၏ အထွတ်အထိပ်သို့ ရောက်သည်ဟု ယူဆလောက် အောင် တင်းတိမ်ရောင့်ရဲခြင်းရှိခဲ့သော ကျွန်ုပ်အဖို့မှာ ဤမျှလောက်သော ချမ်းသာမှုသည်ပင် ဧရာမ သုခကြီးတစ်ခုဖြစ်နေခဲ့လေပြီ။ စံဒေဝီသည် တခြား ယောက်ျားတစ်ဦးတစ်ယောက်နှင့်မျှ လက်မထပ်သမျှ ကာလပတ်လုံး ကျွန်ုပ်သည် လက်ရှိအခြေအနေထက်တိုးပြီး မနီးစပ်ချင်လည်း နေစေ၊ ဤအတိုင်းနှင့်ပင် လေးငါးနှစ်စောင့်နေနိုင်သည်ဟူ၍လည်းထိုစဉ်ကထင်မိခဲ့ပါသည်။ ပတ္တမြားစေတီပွဲတော်မှ အပြန်ခရီးတွင် သင်္ဘောပေါ်၌ အတူစီး၍ လိုက်ခဲ့ကြရာ အမေကြီးသည် ရှေးကနှင့်မတူဘဲ ကျွန်ုပ်အား စိတ်ဝင်စားသောမျက်နှာထားမျိုးနှင့် ခဏခဏလှမ်းကြည့်သည်ဟု သတိပြုခဲ့မိသည်။ သို့သော် ဤသည်မှာလည်း ကျွန်ုပ်၏ အထင်မျှသာ ဖြစ်နိုင်၏။
ကြည့်ခြင်းကား မှန်ပါသည်။ စိတ်ဝင်စားခြင်း ဟူသည်မှာကား ကျွန်ုပ်၏ အထင်သက်သက်ဖြစ်နိုင်သည်ဟု တွေးမိ၏။ စံဒေဝီနှင့်ပတ်သက်သမျှတွင် ကျွန်ုပ်သည် ကိုယ့်ကိုယ်ကိုယ် အထင်မကြီးဘဲ အမြဲတွန့်ဆုတ်လျက်ရှိခဲ့၏။ ကြိုက်လွန်းအားကြီးသောကြောင့်ပေလော သို့မဟုတ် မိမိကိုယ်ကိုယုံကြည်မှု (Confidence) မရှိသောကြောင့်ပေလော မပြောနိုင်ပါ။ မည်သို့ဖြစ်စေ ပိုးပန်းခြင်းအလုပ်၌ အလွန်ညံ့သူတစ်ယောက်ဖြစ်ခြင်းကို ရှေ့တစ်လျှောက်လုံးတွင်လည်း တွေ့ရပါလိမ့်ဦးမည်။
အပျိုကြီးမှတစ်ဆင့်
ပတ္တမြားစေတီပွဲတော်မှ ပြန်ရောက်ကြသည့် နောက်တစ်နေ့ ညနေတွင် အပျိုကြီးသည် ကျွန်ုပ်တို့၏နေအိမ်သို့ မလာစဖူးပေါက်လာ၏။ (ဤအိမ်မှာ ကျွန်ုပ်တို့၏ အိမ်ပင်ဖြစ်သော်လည်း ဖခင်သည် ညီဝမ်းကွဲတစ်ယောက်သို့ အလုပ်ပါလွှဲပေးထား၍ ဝက်လက်သို့ ပြောင်းရွှေ့သွားလေရာ ကျွန်ုပ်လည်း ဘဒွေးနှင့်အတူ ဆက်လက်နေထိုင်ခြင်းဖြစ်၏။) အပျိုကြီးရောက်လာသောအခါ မလာစဖူးလာခြင်းဖြစ်၍ အလုပ်သမားများက ပြုံးကြသေးရာ ကျွန်ုပ်က အပျိုကြီးအား အပေါ်ထပ်သို့ခေါ်သွားသောအခါ တစ်ယောက်၏မျက်နှာကို တစ်ယောက်လှမ်းကြည့်ကြ၏။ ကျွန်ုပ်သည် စံဒေဝီအား ချစ်ကြိုက်ရာ၌ မည်သူ့ကိုမျှ အသိမပေးဘဲ ကျိတ်၍ပိုးခြင်းဖြစ်ရာ အလုပ်သမားများက ကျွန်ုပ်အား "အပျိုဟိုင်း" ကြီးနှင့် ငြိနေပြီဟု ထင်မိကြကြောင်းနှင့် နောင်တွင် ပြောပြကြသေးသည်။ ၎င်းအပျိုကြီးကား စံဒေဝီတို့ အိမ်၌ အကျွမ်းတဝင်ထွက်ဝင်လာခဲ့သည့် "လက်ကသုံးတောင်ဝှေး"ဖြစ်လေသည်။ ကျွန်ုပ်သည် အပေါ်ထပ်တွင် အပျိုကြီးအား နေရာထိုင်ခင်းပေး၍ မျက်နှာချင်းဆိုင်ထိုင်မိကြသည်တွင် "ကောင်းသောစကား" ပါခဲ့သည်အထင်နှင့် ''ဖိုးကျိုင်းတုတ်" ဖြစ်မိသော်လည်း တစ်ဖက်၌ကား မည်သည့်စကား အဆက်အသွယ်မျှ မရှိပါဘဲနှင့် ''ကောင်းသောစကား'' ပါလာရန် မဖြစ်နိုင်ဟု ဖျက်ချလိုက်၏။
ထို့နောက် အပျိုကြီးက…
"မောင်ဖေသိန်း မ …ကို မင်း တကယ်ကြိုက်တာလား''
ထိုခဏ၌ သင်္ဘောဆိပ်တုန်းကထက် ပြင်းထန်သော ထုနှက်ခြင်းဖြင့် ကျွန်ုပ်၏နံရိုးကို နှလုံးသားက ဆောင့်၍ တိုးလိုက်သည်နှင့် ကျွန်ုပ်၏မျက်နှာပင် တစ်မျိုးတစ်မည်ဖြစ်သွားခြင်းကို အပျိုကြီး မြင်လိုက်ရသည့်လက္ခဏာနှင့် သူပင် အံ့အားသင့်သွား၏။
ဆက်လက်ဖော်ပြပါမည်။