“ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဌာနတစ်ခုဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ အကဲဖြတ်နိုင်မှု စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်
နေပြည်တော် ဖေဖော်ဝါရီ ၅
“ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဌာနတစ်ခုဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ အကဲဖြတ်နိုင်မှု စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်း” အလုပ်ရုံ ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ရုံးအမှတ် (၁)၌ Hybrid ပုံစံဖြင့် ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်က အလုပ်ရုံဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဌာနတစ်ခု၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်သည့် ကြီးကြပ်ခြင်းနှင့် စိစစ်အကဲဖြတ်ခြင်းအပိုင်းသည် အရေးကြီးကြောင်းနှင့် အာဆီယံ-ဂျပန်ဗဟိုဌာန ၏အကူအညီပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ အာဆီယံ-ဂျပန်ဗဟိုဌာနမှ Head of Bilateral Programme ဖြစ်သူ Mr. Phutsakhon SENGMANIPHON က အာဆီယံ - ဂျပန်ဗဟိုဌာန၏ အသိပညာ မျှဝေမှုများနှင့် နည်းပညာဖလှယ်မှုများမှ တစ်ဆင့် အာဆီယံဒေသတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဆောင်ရွက်ချက်များကို အထောက်အကူပြုလျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ ဝန်ဆောင်မှုပိုင်းနှင့် မူဝါဒပိုင်းဆိုင်ရာ ထိရောက်မှုရှိစေရေး၌ ကြီးကြပ်ခြင်းနှင့် စိစစ်အကဲဖြတ်ခြင်း အပိုင်းသည် အဓိကကျကြောင်းနှင့် ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆောင်ရွက်ချက်များတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲအတွင်း နိုင်ငံတကာကျွမ်းကျင်ပညာရှင် Ms. Premila Nazareth Satyanand က နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်နိုင်မည့် မဟာ ဗျူဟာများ၊ ကြီးကြပ်ခြင်းနှင့် စိစစ်အကဲဖြတ်ခြင်း လုပ်ငန်းစဉ်နှင့် နည်းလမ်းများ၏ အရေးပါပုံတို့ကို မျှဝေဆွေးနွေးသွားမည် ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲမှ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဌာနအဖြစ် ဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက် ချက်များအပေါ် ဝန်ထမ်းများအနေဖြင့် အကဲဖြတ်သုံးသပ်နိုင်မည့် စွမ်းဆောင်ရည်နှင့် ထိရောက်သည့်အကဲဖြတ် သုံးသပ်ခြင်းများ ဆောင်ရွက်ရာတွင် အဟန့်အတား ဖြစ်နိုင်မည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို လေ့လာသိရှိနိုင်မည့် အခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်သည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ အာဆီယံ - ဂျပန်ဗဟိုဌာနမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၆ ရက်အထိ နှစ်ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။