တောင်ကြီးမြို့၌ ဂနိုင်ကန်သာယာ ဖွင့်ပွဲကျင်းပ

 

တောင်ကြီးမြို့၌ ဂနိုင်ကန်သာယာ ဖွင့်ပွဲကျင်းပ

 

တောင်ကြီး  ဖေဖော်ဝါရီ   ၅

     (၇၈)နှစ်မြောက်  ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်ရှိ ဂနိုင်ကန်သာယာ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါနေရာ၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် တောင်ကြီးမြို့နယ်စည်ပင် သာယာရေးဌာန အမှုဆောင်အရာရှိ ဦးသိန်းဝင်းက ဂနိုင်ကန်သာယာ တည်ဆောက်ခဲ့မှု   အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက်  ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်

တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်နှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများက ဂနိုင်ကန်သာယာကို  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဂနိုင်ကန်သာယာအဝင်မုခ်ဦး ဆိုင်းဘုတ်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

ဆက်လက်၍  ပြည်နယ်ဝန်ကြီးချုပ်က ကန်ပတ်လည်ကွန်ကရစ်နှင့် ဘလောက်တုံး လျှောက်လမ်းဆောက်လုပ် လှူဒါန်းသော ဦးတင်မြင့်  (တင်မြင့်ရီ ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်)အား ဂုဏ်ပြုမှတ်တမ်းလွှာကို လည်းကောင်း၊      ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က ဂနိုင်ကန်သာယာ သန့်ရှင်းသာယာလှပရေး ဝိုင်းဝန်းဆောင်ရွက်သော   ဌာနဆိုင်ရာများနှင့် စည်ပင်သာယာရေး ဝန်ထမ်းများကိုယ်စား ပြည်နယ်စည်ပင်သာယာရေး ဌာန ညွှန်ကြားရေးမှူး  ဦးစိုင်းထွန်းထွန်းအား ဂုဏ်ပြုမှတ်တမ်းလွှာကို လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်  ဒုတိယတိုင်းမှူးက ဂနိုင်ကန်သာယာအတွင်း ဆိုလာမီးတိုင်

များ    တပ်ဆင်ဆောင်ရွက်ပေးခဲ့သော ရှမ်းပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူး ဒေါ်သဇင်အား ဂုဏ်ပြုမှတ်တမ်းလွှာကို လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဂနိုင်ကန်သာယာဖွင့်ပွဲတွင် ပါဝင်ကူညီဆောင်ရွက်ပေးသော အမှတ်(၂)  အခြေခံပညာ အထက်တန်းကျောင်း ဘင်ခရာတပ်ဖွဲ့နှင့်ကိန္နရီ၊ ကိန္နရာအကအဖွဲ့တို့အား ဂုဏ်ပြုငွေများကို လည်းကောင်း ပေးအပ်ကြသည်။

ယင်းနောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂနိုင်ကန်သာယာ အဝင်မုခ်ဦးရှေ့နှင့် ကန်လျှောက်လမ်းတို့တွင် စုပေါင်းမှတ်တမ်းတင်   ဓာတ်ပုံရိုက်ပြီး ဂနိုင်ကန်သာယာအတွင်း    လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါဂနိုင်ကန်သည် ယခင်ကပြုပြင် ထိန်းသိမ်းမှုမရှိဘဲ မြက်ချုံများဖြင့် ဖုံးလွှမ်းနေသော နေရာတစ်ခုအဖြစ် တည်ရှိရာမှ ယခုအခါ ပြည်သူများအနားယူ အပန်းဖြေ ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်နိုင်သည့် တောင်ကြီးမြို့၏ အထင်ကရ နေရာတစ်ခုအဖြစ်  တည်ရှိလာမည်ဖြစ်ကြောင်း သိရသည်။