မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ သွားရောက်ကြည့်ရှု
နေပြည်တော် ဖေဖော်ဝါရီ ၅
နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် သင်တန်းသား အရာရှိကြီးများအား မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့ညနေပိုင်း တွင် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်၌ ကျင်းပရာ စမ်းသပ်မဲပေးခြင်း ဆောင်ရွက်နေမှုများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုနှင့် ကော်မရှင်အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုကြသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အသုံးပြုဆောင်ရွက်ရသည့် ရည်ရွယ်ချက်နှင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး တာဝန်ရှိသူများက စမ်းသပ်မဲပေးခြင်း လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက MEVM မဲပေးစက် အသုံးပြုဆောင်ရွက်ရခြင်း၏ အားသာချက်များ၊ အကျိုးကျေးဇူးများနှင့် မြန်မာပညာရှင်များ တီထွင်ထုတ်လုပ်ထားသော MEVM စက်၏ အဆင့်မီဆောင်ရွက်နိုင်မှုများနှင့် ဆောင်ရွက်ရန်ရှိသည်များကို ရှင်းလင်း ပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမျိုးလှိုင်၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးများ၊ သန္ဓေအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး မဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲ ပေးခဲ့ကြကြောင်း သိရသည်။