နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လမ်း၊ တံတား တည်ဆောက်ရေးနှင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ကြည့်ရှုစစ်ဆေး
နေပြည်တော် ဖေဖော်ဝါရီ ၅
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ လမ်း၊ တံတားများ အဆင့်မြှင့်တင် တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ်(၂၄၅/၇)ရှိ နဝင်းချောင်းတံတား(အဆုံ) လုပ်ငန်းခွင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက နဝင်းချောင်းတံတား(အဆုံ) တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ တံတားအသစ်ပေါ်မှ ယာဉ်များ ယာယီဖြတ်သန်းခွင့်ပြု၍ တံတားဟောင်းနှင့် ချဉ်းကပ်လမ်းအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်း တင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ရေတိုက်စား ပျက်စီးသွားသည့် တံတားဟောင်းကြံ့ခိုင်မှုရှိစေရန်နှင့် ထပ်မံရေတိုက်စားမှု မရှိစေရေး ပြန်လည်ပြုပြင်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စနစ်တကျတွက်ချက် ဆောင်ရွက်ရန်၊ ရေလမ်း ကြောင်းထိန်းသိမ်းခြင်း ဆောင်ရွက်နေသော ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်တို့ကို မှာကြားပြီး လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှု စစ်ဆေးကာ လုပ်ငန်းလိုအပ်ချက် များကို မှာကြားသည်။
နဝင်းချောင်းတံတား (အဆုံ) သည် အရှည်ပေ ၁၉၀ ရှိပြီး မူလနှစ်လမ်းသွားမှ လေးလမ်းသွားတံတားအဖြစ် တိုးချဲ့တည်ဆောက်ထားပြီး တံတားဟောင်းကိုလည်း ကြံ့ခိုင်မှုရှိစေရန်နှင့် ထပ်မံရေတိုက်စားမှုမရှိစေရေး ကြိုတင်ကာကွယ် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးပါက အသွား၊ အပြန် လေးလမ်းသွား တံတားအဖြစ် ခရီးသည် ယာဉ်များနှင့် ကုန်တင်ယာဉ်ကြီးများ ပိုမိုလွယ်ကူချောမွေ့စွာ သွားလာနိုင်မည်ဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကင်းသာလမ်းဆုံသို့ ရောက်ရှိပြီး ရေတိုက်စား၍ပျက်စီးခဲ့သည့် လမ်းအပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု၊ လမ်းပခုံးများနှင့် မြေထိန်းနံရံအနိမ့် (Toe Wall)များ ဆောင်ရွက်ပြီးစီးမှု၊ ရေစီးရေလာကောင်းမွန်စေရေး အတွက် ရေထုတ်မြောင်းများနှင့် ရေပြွန်များ ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ ပုဗ္ဗသီရိမြို့ ပတ်လမ်းပေါ်ရှိ ဆင်သေချောင်းတံတား(သိုက်ချောင်း) တံတားရေလယ်တိုင်နိမ့်ကျမှုအပိုင်းကို ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို လည်းကောင်း လိုက်လံ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး နေပြည်တော်ကောင်စီနယ်မြေအတွင်း ယခင်လေးလမ်းသွားအဆင့်မှ ခြောက်လမ်းသွားအဆင့် လမ်းတာပေါင်တိုးချဲ့ခြင်း ဆောင်ရွက်ပြီးစီးမှု၊ လမ်းဘေး ဝဲ၊ ယာတွင် စိုက်ပျိုးထားသည့် သစ်ပင်များ ရှင်သန်ဖြစ်ထွန်းနေမှုနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ထားသည့် အခြေအနေတို့ကို လည်းကောင်း၊ မွန်းတည့်ခွင်-ကျည်တောင်-ခေါမ-ညောင်ပင်သာ လမ်းပေါ်ရှိ ရေတိုက်စား ပျက်စီးသွားသည့် ပေါင်းလောင်းတံတား(အဝေရာ)၏ ချဉ်းကပ်လမ်းများ ပြုပြင်ပြီးစီးမှုနှင့် တံတားကြံ့ခိုင် ရေးထိန်းသိမ်း ဆောင်ရွက်သည့် အခြေအနေတို့ကို လည်းကောင်း လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်း လိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရှိရသည်။