မန္တလေးမြို့ရှိ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား တားဆီးကာကွယ်မီဒီယာအဆိပ်သင့်မှုအန္တရာယ်နှင့် နိုင်ငံတော်တည်ဆောက်ရေးနှင့်မီဒီယာ၏အခန်းကဏ္ဍခေါင်းစဉ်ဖြင့် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ဆွေးနွေးပ

 

မန္တလေးမြို့ရှိ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား တားဆီးကာကွယ်မီဒီယာအဆိပ်သင့်မှုအန္တရာယ်နှင့် နိုင်ငံတော်တည်ဆောက်ရေးနှင့်မီဒီယာ၏အခန်းကဏ္ဍခေါင်းစဉ်ဖြင့် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ဆွေးနွေးပြောကြား

မန္တလေး ဖေဖော်ဝါရီ ၈

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေးမြို့ ရတနာပုံခန်းမ၌ ကျင်းပသည့်   မန္တလေးရှိ တက္ကသိုလ်နှင့်ကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများအား တားဆီးကာကွယ်မီဒီယာအဆိပ်သင့်မှုအန္တရာယ်နှင့် နိုင်ငံတော်တည်ဆောက် ရေးနှင့်မီဒီယာ၏ အခန်းကဏ္ဍ ဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးပြောကြားသည်။

ဆွေးနွေးပွဲသို့  မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တက္ကသိုလ်ကောလိပ်များမှ ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ    ရတနာပုံတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများက အလှကမ္ဘာမြေသီချင်းဖြင့်ဖျော်ဖြေပြီး   တားဆီး

ကာကွယ်မီဒီယာ အဆိပ်သင့်အန္တရာယ်နှင့် နိုင်ငံတော်တည်ဆောက်ရေးနှင့်မီဒီယာ၏ အခန်းကဏ္ဍမှတ်တမ်း ဗီဒီယိုကို ပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယနေ့ခေတ်သည်   နည်းပညာခေတ်ဖြစ်သဖြင့် လူငယ်များအနေဖြင့် နည်းပညာနှင့်နေ့စဉ်ထိတွေ့ဆက်သွယ်ဆက်ဆံရကြောင်း၊ နည်းပညာခေတ်တွင် သတင်းများသည် အကန့်အသတ်မရှိ ထွက်ပေါ်လာကြောင်း၊ အချို့သောသတင်းမီဒီယာများသည်  နိုင်ငံကို အမှောင်ထဲသို့ကျအောင် ချောက်ချလျက်ရှိသည်ကို တွေ့ရကြောင်း၊ သတင်းတု၊ သတင်းမှားများကြောင့် မလိုလားအပ်သည့် ပြဿနာများစွာဖြစ်ပေါ်နေကြောင်း၊ သတင်းမှားများကို ခွဲခြားသိရှိရှောင်ရှားပြီး သတင်းမှန်များကို ကောင်းမွန်စွာ အသုံးချတတ်မည်ဆိုပါက မိမိတို့နေ့စဉ်လူမှုဘဝအတွက် များစွာအကျိုးကျေးဇူးရှိမည်ဖြစ်ကြောင်း။

အချို့သောသတင်းများသည် စိတ်ခံစားမှုကို အခြေမခံသင့်ဘဲ ဦးနှောက်နှင့်ချင့်ချိန် စဉ်းစားသင့်ကြောင်း၊ စိတ်ခံစားမှုများလာပါက  အမှားကိုအမှန်ထင်တတ်ကြောင်း၊ နိုင်ငံတော်၏ ဆောင်ရွက်ချက်များကို သိရှိနားလည်စေရန်အတွက် မီဒီယာအခန်းကဏ္ဍသည် များစွာအရေးကြီးကြောင်း၊  လူငယ်များသည် နောင်အနာဂတ်အတွက် နိုင်ငံ့တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ရမည့်သူများဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့တာဝန်ကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်   အတွေးအခေါ်မမှားရန်နှင့် လမ်းမှားမရောက်စေရန်သည် အလွန်အရေးကြီးကြောင်း၊ အတွေးအခေါ် အမြော်အမြင်နှင့်  ပြည့်စုံသည့်လူငယ်များဖြစ်ရန် ပညာရေး၏အခန်းကဏ္ဍသည်   များစွာအရေးကြီးကြောင်း။

လူငယ်ကဏ္ဍသည် အရေးကြီးသည့်အတွက် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်လည်း   လူငယ်ကဏ္ဍကို အလေးထားပြီး မြှင့်တင်ပေးလျက်ရှိကြောင်း၊ ယနေ့မြန်မာနိုင်ငံတွင် အချို့လူငယ်များသည် အတွေးအခေါ် အယူအဆများ   လွဲမှားနေသည့်အတွက် လမ်းမှားသို့ရောက်နေကြကြောင်း၊ တည်ငြိမ်မှု၊ စည်းလုံးညီညွတ်မှုကို ဆောင်ရွက်ကာ လူငယ်များက တိုင်းပြည်တည်ဆောက်ရေးတွင် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ဘွဲ့ရပြီး နိုင်ငံ့တာဝန်ထမ်းဆောင်ချိန်တွင် နိုင်ငံ့အရေးကို    ပါဝင်ဆောင်ရွက်စေလိုကာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၏ အရေးကြီးပုံကို    သိရှိနားလည်စေလိုကြောင်း၊ နိုင်ငံတော်၏စေတနာမှန်ကို နားလည်လက်ခံသိရှိပြီး   နိုင်ငံ့ကောင်းကျိုးကို  ရှေးရှုဆောင်ရွက်စေလိုကြောင်း၊  နိုင်ငံတော်၏ အဖိုးတန်ရတနာများ ဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်   နိုင်ငံတော်က အားကိုးအားထား ပြုထိုက်သည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က မီဒီယာ၏အခန်းကဏ္ဍသည် လွန်စွာအရေးကြီးကြောင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင် သုံးရပ်ကို ထိန်းကျောင်းပေးနေသည်မှာ စတုတ္ထမဏ္ဍိုင် ဖြစ်သည့်    သတင်းမီဒီယာဖြစ်ကြောင်း၊ ထို့ကြောင့် သတင်းမီဒီယာကဏ္ဍကို အားကောင်းအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သတင်းမှန်များကိုသာ စားသုံးသင့်ပြီး သတင်းမှားများကို အဆိပ်အတောက်ကဲ့သို့သတ်မှတ်ရန်   လိုအပ်ကြောင်းနှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံတော်ကိုတည်ဆောက်ရာတွင် အရေးကြီးသည့် လူ့အရင်းအမြစ်ဖြစ်သည့် အတွက် မိမိတို့ရရှိသိရှိထားသည့် သတင်းများကို နိုင်ငံတော်တည်ဆောက်ရေးအတွက် ကောင်းမွန်စွာအသုံးချစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများက အနာဂတ်မြန်မာသို့ တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အခမ်းအနားသို့တက်ရောက် လာကြသည့် ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား    MRTV DTH စလောင်းငါးစုံနှင့်  DVB T2 Set Top Box  အလုံး ၁၀၀ တို့ကို ကံစမ်းမဲဖောက်၍ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများသည် ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊   ဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့   မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေးတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊   နိုင်ငံခြားဘာသာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မန္တလေး)၊ ဆေးတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်၊ ဆေးဝါးတက္ကသိုလ်၊ မန္တလေးသတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်(ပုသိမ်ကြီး)၊ ဆေးဘက်ဆိုင်ရာဆေးတက္ကသိုလ်နှင့် ပညာရေးဒီဂရီ ကောလိပ်တို့မှ ပါမောက္ခချုပ်များနှင့် ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း တက္ကသိုလ်ကောလိပ် ၁၂ ခုတို့မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၀၉၀ ဦးတက်ရောက်ခဲ့ကြသည်။

 ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Mingalar   Mandalay Shopping Complex ရှိ Lotus Plaza ဧရိယာတွင် New  Starlight Group of Companies မှ တရုတ်ရိုးရာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် စတုဒိသာလှူဒါန်းခြင်း အစီအစဉ်သို့  ပါဝင်တက်ရောက်ပြီး ယင်း Complex ရှိ ဈေးဝယ်ဧရိယာများ၊  Shopping Centre များ၊  Recreation Zone များသို့ မြို့နေပြည်သူများ စိတ်အေးချမ်းသာစွာလာရောက် ဝယ်ယူအားပေး နေမှုများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။