ဘိုင်ယန်မြူးနစ်အသင်းက ခံစစ်ကစားသမား အဖွန်ဆိုဒေးဗီးကို ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆို

 

ဘိုင်ယန်မြူးနစ်အသင်းက ခံစစ်ကစားသမား အဖွန်ဆိုဒေးဗီးကို ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆို

 

ဘာလင်  ဖေဖော်ဝါရီ  ၅

      ဘိုင်ယန်မြူးနစ်အသင်းက  အသင်းမှထွက်ခွာရန် သတင်းများထွက်ပေါ်နေသည့်    အဓိကခံစစ်ကစားသမား   အဖွန်ဆိုဒေးဗီးကို    ၂၀၃၀   ပြည့်နှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။

အသက် ၂၄  နှစ်အရွယ် အဖွန်ဆို‌ဒေးဗီးသည် ၂၀၁၆ ခုနှစ်က  ကနေဒါကလပ် ဗန်ကူဗာအသင်းမှ ဘိုင်ယန်မြူးနစ်အသင်းသို့   ပြောင်းရွှေ့ကစားခဲ့ပြီး နောက်  အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ကာ  လက်ရှိဘောလုံး လောက၌    အကောင်းဆုံး ဘယ်ခံစစ်ကစားသမားများတွင် တစ်ဦးအပါအဝင် ရပ်တည်နေသူဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းနှင့်  အဖွန်ဆိုဒေးဗီးတို့၏စာချုပ်သက်တမ်းမှာ  ယခုဘောလုံး ရာသီအကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး  ဘိုင်ယန်မြူးနစ်အသင်းက အစောပိုင်းကတည်းက သက်တမ်းတိုး စာချုပ်အတွက် အကြိမ်ကြိမ်ကမ်းလှမ်းမှု ပြုလုပ်ခဲ့သော်လည်း အဖွန် ဆိုဒေးဗီးကိုယ်တိုင်က   ရီးယဲလ်မက်ဒရစ် အသင်းသို့ ပြောင်း‌ရွှေ့ကစားလိုသောကြောင့်    သက်တမ်းတိုး စာချုပ်အတွက် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး ရီးယဲလ် မက်ဒရစ်အသင်းကလည်း ယခုဘောလုံးရာသီ အကုန်တွင် အငှားစာချုပ်ဖြင့်ခေါ်ယူရန်  သဘောတူညီမှု ရရှိထားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

သို့သော် အဖွန်ဆိုဒေးဗီးက ၎င်း၏ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့ပြီး သက်တမ်းတိုး စာချုပ်အတွက် ပြန်လည်ဆွေးနွေးခဲ့ရာမှ  ယခုအခါ  ၂၀၃၀  ပြည့်နှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။