ဇန်နဝါရီလကစားသမား အပြောင်းအရွှေ့ကာလတွင် ပြောင်းရွှေ့ကြေးအများဆုံး အသုံးပြုသည့်လိဂ်အဖြစ် ပရီးမီးယားလိဂ်က တခြားလိဂ်များထက် ထက်ဝက်ကျော် အသုံးပြုခဲ့ပြီး ရပ်တည်လျက်ရှိ

 

ဇန်နဝါရီလကစားသမား အပြောင်းအရွှေ့ကာလတွင် ပြောင်းရွှေ့ကြေးအများဆုံး အသုံးပြုသည့်လိဂ်အဖြစ် ပရီးမီးယားလိဂ်က တခြားလိဂ်များထက် ထက်ဝက်ကျော် အသုံးပြုခဲ့ပြီး ရပ်တည်လျက်ရှိ

 

လန်ဒန်  ဖေဖော်ဝါရီ  ၅

    ယခုနှစ်  ဇန်နဝါရီလကစားသမား အပြောင်းအရွှေ့ ကာလတွင် ကမ္ဘာတစ်ဝန်းရှိ လိဂ်များ၌ ပြောင်းရွှေ့ ကြေးအသုံးစရိတ်အများဆုံး အသုံးပြုခဲ့သည့် လိဂ် အဖြစ်    ပရီးမီးယားလိဂ်က    တခြားလိဂ်များထက်   ပြောင်းရွှေ့ကြေး        ထက်ဝက်ကျော် အသုံးပြုခဲ့ပြီး ရပ်တည်လျက်ရှိကြောင်း  သိရသည်။

ယခုနှစ်  ဇန်နဝါရီလကစားသမား အပြောင်းအ‌ရွှေ့ ကာလတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်း များအနေဖြင့်   ကစားသမားခေါ်ယူမှု အများအပြား လုပ်ဆောင်ခဲ့ပြီး စုစုပေါင်း ပြောင်းရွှေ့ကြေးအသုံး စရိတ် ယူရို ၄၇၅ ဒသမ ၅ သန်းအထိ ရှိခဲ့ပြီးနောက် တခြားလိဂ်များထက် ထက်ဝက်ကျော် အသုံးပြုခဲ့ခြင်းဖြစ်သည်။

ယခုနှစ်    ဇန်နဝါရီလ ကစားသမားအပြောင်းအရွှေ့ ကာလ ပြောင်းရွှေ့ကြေးအများဆုံး အသုံးပြုသည့် လိဂ်များတွင်  ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ နောက်၌ အီတလီစီးရီးအေပြိုင်ပွဲက    ပြောင်းရွှေ့ကြေး  ယူရို  ၂၂၈ ဒသမ ၇ သန်းဖြင့် ရပ်တည်နေပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲထက် ထက်ဝက်မက နည်းပါးခဲ့ခြင်းဖြစ်သည်။

အီတလီစီးရီးအေပြိုင်ပွဲ၏ နောက်တွင်   ပြင်သစ် လီဂူးပြိုင်ပွဲက  ပြောင်းရွှေ့ကြေး အသုံးစရိတ်     ယူရို ၂၀၁ ဒသမ ၈  သန်းအသုံးပြုခဲ့ကာ    ပြင်သစ်လီဂူး ပြိုင်ပွဲနောက်တွင်  ဘရာဇီးလိဂ်ပြိုင်ပွဲက ယူရို ၁၇၄ ဒသမ ၅ သန်း အသုံးပြုခဲ့သည်။

ဘရာဇီးလိဂ်ပြိုင်ပွဲ၏ နောက်တွင် ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲက ပြောင်းရွှေ့ကြေးအသုံးစရိတ်  ယူရို ၁၆၉ ဒသမ  ၅ သန်းအသုံးပြုခဲ့ကာ ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲနောက်တွင်  ဆော်ဒီပရိုလိဂ်ပြိုင်ပွဲက ပြောင်း‌ရွှေ့ကြေး အသုံးစရိတ် ယူရို ၁၆၈ သန်းအသုံးပြုခဲ့ခြင်းဖြစ်သည်။

အလားတူ  ပြောင်းရွှေ့ကြေး အသုံးစရိတ်အများဆုံး အသုံးပြုခဲ့သည့် ကလပ်အသင်းများ စာရင်းတွင်လည်း မန်စီးတီးအသင်းက ပြောင်းရွှေ့ကြေးအသုံး စရိတ် ယူရို  ၂၁၂ သန်းအသုံးပြုခဲ့ပြီး မန်စီးတီးအသင်း နောက်တွင် အယ်နာဆာအသင်းက ယူရို ၇၇ သန်း၊ ရင်းနက်စ်အသင်းက   ယူရို  ၇၂ ဒသမ ၇၅ သန်း၊ ပီအက်စ်ဂျီအသင်းက ယူရို သန်း ၇၀၊ အယ်အာလီအသင်းက ယူရို ၅၉ သန်းဖြင့်      ရပ်တည်ခဲ့ကြကာပြောင်းရွှေ့ကြေး      အများဆုံး ကစားသမားအဖြစ် အက်စ်တွန်ဗီလာအသင်းမှ အယ်နာဆာအသင်းသို့  ယူရို  သန်း ၈၀  ဖြင့်ပြောင်း‌ရွှေ့ခဲ့သည့်    ဒူရန်က ရပ်တည်ခဲ့ကြောင်း သိရသည်။