ဆိုင်ကယ်ခိုးယူသူများအား ဖမ်းဆီးရမိ

ပဲခူး၊ ခိုးမှု

ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့၌ ဒီဇင်ဘာ ၂၇ ရက်ည ၁ဝ နာရီခွဲတွင် ဆိုင်ကယ် နှစ်စီးအားခိုးယူ၍ ကားပေါ် တင်ဆောင်ကာ မောင်းနှင် ထွက်ပြေးသွားသူ  သုံးဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပဲခူးမြို့ ကလျာဏီရပ်ကွက် ရွှေသာလျောင်းလမ်းနေ မအေးငြိမ်းစု ၃၈နှစ်၏ Honda Dream NCX 125 အနက်  ရောင်ဆိုင်ကယ်အား  နေအိမ်ရှေ့တွင် ရပ်တန့်ထားရာ ပျောက်ဆုံးသွားသဖြင့် ပဲခူးမြို့ အမှတ်(၃) နယ်မြေရဲစခန်းသို့ သွားရောက် သတင်းပေးတိုင်ကြားခဲ့ရာ ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင်ထွဋ်က အနီးကပ် ကြီးကြပ်ကာ အမှတ်(၃)နယ်မြေစခန်းမှူး နှင့် တပ်ဖွဲ့ဝင်များ၊ တိုင်းမှုခင်းဌာနစိတ်မှ ရဲအုပ်မိုးအေး၊ ခရိုင်ဒု စရိုက်နှိမ်နင်းရေးဌာန စိတ်မှ ဒုတိယ ရဲအုပ်ကျော်နိုင်ဦး နှင့်တပ်ဖွဲ့ဝင်များ၊ ထန်းတောကြီး နယ်မြေ ရဲစခန်းနှင့် အင်းတကော်နယ်မြေရဲစခန်းမှရဲတပ်ဖွဲ့ဝင် များနှင့်ပူးပေါင်း ချိတ်ဆက်စုံစမ်းရာ ဆိုင်ကယ် ၌ တပ်ဆင် ထားသော GPS အညွှန်းပြချက် အရ ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင် အမှတ်(သုည) တိုးဂိတ်တွင် ယာဉ် အမှတ် YGN-9K-------   Honda Starex အဖြူရောင်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့သည်။

အဆိုပါ ယာဉ်ပေါ်၌  မအေးငြိမ်းစု၏ ပျောက်ဆုံးဆိုင်ကယ်ကို  တွေ့ရှိရပြီး  အောင်ပါစေ အဆောင် အိမ်မဲကြီးရပ်  ရွှေပြည်သာမြို့နယ် ရန်ကုန်တိုင်း ဒေသကြီးနေ  အားချန်း(ခ)ကျော်မင်း ၂၈ နှစ်မောင်းနှင်ပြီး ပြည့်စုံအောင် ၂၇ နှစ်၊ မျိုးမင်းသန်း  ၂၉ နှစ်တို့ သုံးဦးအား   ခိုးယူလာသည့် ဆိုင်ကယ် နှင့်အတူ ဖမ်းဆီးရမိသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အားချန်း(ခ) ကျော်မင်းပါ သုံးဦးအား ပဲခူးမြို့ အမှတ်(၃) နယ်မြေရဲစခန်းက (ပ)၇ဝ၃/ ၂ဝ၂ဝ၊ ရာဇ သတ်ကြီးဥပဒေပုဒ်မ ၃၇၉ အရ အမှုဖွင့် ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

နေလင်း (ညောင်လေးပင်)