စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ ပိုမိုတိုးတက်ရေး

 

စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ ပိုမိုတိုးတက်ရေး

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၅  ခုနှစ်၊ ဖေဖော်ဝါရီ  ၇ ရက်)

     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကို ဦးဆောင်လျက်ရှိရာတွင် ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များချမှတ်ကာ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လူမှုရေးနှင့်ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအားလုံးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လုပ်ဆောင်နေခြင်းဖြစ်သည်။ ဤသည်မှာ နိုင်ငံတော်တိုးတက် ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရမည့် အစိုးရတစ်ရပ်၏ မူဝါဒများပင်ဖြစ်သည်။ ဤမူဝါဒအောင်မြင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ သက်ဆိုင်သူအားလုံးက ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်သည့် အတွက်လည်း ယခုအခါ နိုင်ငံတော်၏ အခြေအနေအရပ်ရပ်မှာ တိုးတက်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံပေါများရေးဆိုသည့် အမျိုးသားရေး ရည်မှန်းချက် (၂ )ရပ်ကို ချမှတ်ထားသည်။ တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး ဆိုသည့်အချက်များမှာ နိုင်ငံတိုင်းအတွက် လိုအပ်သည့်အခြေခံ အချက်များဖြစ်သည်။ နိုင်ငံတိုးတက်မှုကို ဂျီဒီပီဖြင့် တိုင်းတာရသည်။ နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက်  လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှုကဏ္ဍကြီးဟူ၍ ကဏ္ဍသုံးရပ်က ဦးဆောင်နေသည်။ ထို့အတူ စိုက်ပျိုးကုန်ထုတ်လုပ်မှု တိုးတက်စေရေး အားပေးဆောင်ရွက်ခြင်းအားဖြင့်  နိုင်ငံ၏ဂျီဒီပီလည်း တိုးတက်လာစေမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဖေဖော်ဝါရီလ ၃ ရက်ကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် အမှာစကား ပြောကြားစဉ် “မိမိတို့နိုင်ငံအတွင်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် စိုက်ပျိုးရေး ထုတ်ကုန်များအား ပြည်ပသို့ တင်ပို့နိုင်သည့်အခြေအနေသို့ ရောက်ရှိအောင်ဆောင်ရွက်ကြရန် လိုကြောင်း၊ MSME ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကို အသုံးပြု၍ အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကို ပြည်ပသို့တိုက်ရိုက်တင်ပို့ခြင်းထက် ကုန်ချောအဖြစ် ထုတ်လုပ်၍ ပြည်ပသို့တင်ပို့မည်ဆိုပါက အကျိုးပိုမိုဖြစ်ထွန်း စေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ထုတ်လုပ်မှု သုတေသနလုပ်ငန်းများ၊  ဈေးကွက်သုတေသန လုပ်ငန်းများကို သက်ဆိုင်ရာစိုက်ပျိုးရေး တောင်သူများ၊ ကုန်ထုတ်လုပ်ငန်း ဆောင်ရွက်သူများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ တာဝန်ရှိသူများပူးပေါင်း၍ ဆောင်ရွက်ရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည်မြေသယံဇာတ၊ ရေသယံဇာတ ပေါကြွယ်ဝသည့်နိုင်ငံဖြစ်သည့်အတွက် ဒေသအလိုက် ထူးခြားသည့် စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးကို သုတေသနပြု ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံအတွင်းစိုက်ပျိုးဖြစ်ထွန်းသည့် သရက်၊ စတော်ဘယ်ရီ၊ မက်မန်း၊ ကော်ဖီနှင့် အခြားသီးနှံများကို အရည်အသွေးကောင်းမွန်စွာ  ပိုမိုထုတ်လုပ်နိုင်ရေး အလေးထားဆောင်ရွက်ရာတွင်  သုတေသနလုပ်ငန်းသည်  မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သည်။   ထိုသို့သုတေသန ဆောင်ရွက်ရာတွင် ဒေသမျိုးရင်းများ မပျောက်ပျက်ရေးကိုလည်း အလေးထားရမည်ဖြစ်သည်။ စက်မှုကုန်ထုတ် သီးနှံများဖြစ်သည့် ဝါ၊ ဝါး၊ ရော်ဘာနှင့် အခြားသီးနှံများဖြစ်သည့် ပဲ၊ ပြောင်း၊နေကြာ၊ နှမ်းတို့သည် နိုင်ငံအလိုက်ဈေးကွက် ရရှိနိုင်သည့်အတွက် တိုးတက်စိုက်ပျိုး ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။

စိုက်ပျိုးရေးလုပ်ငန်းမှန်သမျှတွင်  တစ်ဧကအထွက်နှုန်း  ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေးနှင့် ဆီထွက်သီးနှံများ အထွက်နှုန်းတိုးတက်စေရေးကို  နိုင်ငံတော်အကြီးအကဲအနေဖြင့် အမြဲတိုက်တွန်း မှာကြားလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ပြည်တွင်းစားသုံးဆီဖူလုံရေး ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံခြားငွေ သုံးစွဲမှုကို များစွာလျှော့ချနိုင်မည်ဖြစ်သည်။ ပြည်ပမှစားသုံးဆီ နှစ်စဉ်ဒေါ်လာ သန်း ၅၀၀ ကျော်ဖိုးတင်သွင်းနေရသည်ကို ၂၀၂၆ ခုနှစ်တွင် လျှော့ချနိုင်ရေးစီမံ ဆောင်ရွက်လျက်ရှိသည်။ ဆီထွက်နှုန်းကောင်းသည့် နှမ်းကို ပန်းတိုင်ရည်မှန်းချက် ထွက်ရှိရေး၊ နေကြာကိုတိုးချဲ့စိုက်ပျိုးပြီး ပြည်တွင်းဆီလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးကိုလည်း ကြိုးပမ်းကြရမည်ဖြစ်သည်။

စိုက်ပျိုးရေးလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ မွေးမြူရေးလုပ်ငန်းများကိုလည်း ဒေသအလိုက် တိုးတက်ဖြစ်ထွန်းစေရေး၊ ဒေသနှင့်ကိုက်ညီသည့်မျိုးများကို မွေးမြူနိုင်ရန်နှင့် စနစ်ကျနသည့် မွေးမြူရေးလုပ်ငန်းများကို ဦးစွာအကောင်အထည်ဖော် ဆောင်ရွက်ကြရန်ဖြစ်သည်။ မွေးမြူရေးဇုန်များအလိုက် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် အောင်မြင်မှုရရှိအောင် မွေးမြူကြရမည်ဖြစ်သည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများသည် တစ်ဦးတစ်ယောက်ချင်းစီသာမက ဒေသနှင့်နိုင်ငံ၏ အကျိုးကို များစွာအထောက်အကူဖြစ်စေသည့် လုပ်ငန်းများဖြစ်သည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် စိုက်ပျိုးမွေးမြူရေးနှင့် MSME ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး စံပြကျေးရွာများ၊ စံပြမြို့၊ စံပြခရိုင်များ သတ်မှတ်၍ ဆောင်ရွက်ကြရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားသည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများကိုအခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ပညာတတ်လူသား အရင်းအမြစ်ကောင်းများ မဖြစ်မနေလိုအပ်သည်။ အဆိုပါ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် (KG+9) အလယ်တန်းအဆင့်အောင်မြင်သူများကို မူလအခြေခံပညာအထက်တန်း ပညာရေးအပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပညာရပ်များ ဆက်လက်သင်ကြားနိုင်ရေး နည်းလမ်းများကို ဆောင်ရွက်ပေးထားပြီးဖြစ်သည်။ ထို့ကြောင့်  နိုင်ငံ့စီးပွား တိုးတက်မြင့်မားရေး အတွက် သက်ဆိုင်သူအားလုံးက ပိုမိုကြိုးစား လုပ်ဆောင်ကြရန်ဖြစ်ပါကြောင်း တိုက်တွန်းရေးသား လိုက်ရပေသည်။     ။