တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ

 

တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ

 

ယမန်နေ့မှအဆက်

ကျွန်ုပ်လည်း  ရုတ်တရက်အဖြေမပေးနိုင်ဘဲ  ငေးကြည့်နေမိသေး၏။ နောက်တွင်မှ

''ဘာကြောင့်မေးတာလဲ အစ်မကြီး''

''မေးဆို ဒီလိုလေ။  အမေကြီးက လွှတ်လိုက်တယ်မောင်ရဲ့''

''ဟုတ်ရဲ့လားဗျာ။  ကျွန်တော့်ကို  လှိမ့်တာများလား အစ်မကြီးရယ်''

''ငါ့မောင်က တယ်ရိုးတာကိုး။ ပတ္တမြားစေတီပွဲမှာ မင်းနဲ့အတူတူသွား ကြတဲ့အဖွဲ့ထဲက  ကျောင်းဆရာတစ်ယောက်က  ငွေ ၃၀၀၀  ကျပ်နဲ့ စိန်နားကပ်တစ်ရန် တင်ပါမယ်တဲ့။ စကားစပ်နေတယ် မောင်ရေ့''

"ဘယ်တုံးက စပ်တာလဲဗျာ။ ပွဲကပြန်လာမှလား''

''မဟုတ်ဘူးမောင်ရေ့။ တစ်လလောက်ရှိသွားပြီ''

''နို့ … ဘယ်လိုတဲ့လဲဗျာ''

''အမေကြီးကတော့   ခပ်ပါပါပဲ။   သမီးကလည်း   အမေ့စကားကို နားထောင်ရမှာပဲ''

''ဟိုက် … ဒီလိုဆို ပြီးကြရောပေါ့ အစ်မကြီးရယ်''

"ပြီးကြလို့ရှိရင်  ဒီကို အစ်မကြီး ဘာလာစရာရှိသလဲ" ကျွန်ုပ်ကား ထ၍ ခုန်လိုက်ချင်သည်။

"ကိုင်း ... ဒါဖြင့် ပြောပါဦး အစ်မကြီး"

"မ...ကို မင်းကြိုက်နေတာ ဘယ်လောက်ကြာပြီလဲကွဲ့"

"ရှစ်တန်းကတည်းကပါပဲဗျာ"

"ဒီအကြောင်းကို အမေကြီးက မသိဘူးမောင်ရဲ့"

"နို့ဗျာ၊ သူကတော့ သိတယ်မဟုတ်လား အစ်မကြီးရယ်"

"သိတာပေါ့ကွယ်"

"နို့ ... ဒါဖြင့် အမေကြီးကပေးစားတိုင်း ယူမှာတဲ့လားဗျ"

"မယူလို့ ဘယ့်နှယ်လုပ်မလဲ။ မင်းက ဘာမှပြောဖူးတာလည်းမဟုတ်။ ပတ္တမြားစေတီပွဲက ပြန်တော့မှ အမေကြီးက မင့်အကဲခတ်ပြီး အစ်မကြီး ကို လွှတ်လိုက်တာပဲ"

"နို့ ... သူကကောဗျာ"

"သူက မင်းလိုပဲ ရှက်တတ်တယ်။ ငါ့ကိုတောင် ဘာမှ မပြောဖူးဘူး"

"အစ်မကြီးက ဘယ်လိုထင်သလဲဗျာ"

"အစ်မကြီးက အပျိုကြီးပေမယ့် နားလည်ပါတယ်"

"ဖွင့်လို့တော့ မပြောဖူးဘူးပေါ့"

"တယ်ခက်တဲ့ လူပါကလား။  ယောကျ်ားလေးက   ဘာမှမပြောဖူး ဘဲနဲ့ မိန်းကလေးက ပြောရမှာလား မောင်ရယ်"

"အမေကြီးက ဘယ်လိုမှာလိုက်သလဲ အစ်မကြီးရဲ့"

"တကယ်ကြိုက်လို့ရှိလျှင် မိဘများလွှတ်ပြီး ပြောခိုင်းပါတဲ့"

"တစ်ခုတော့ ကျွန်တော်သိချင်တယ် အစ်မကြီးရယ်"

"ဘာများလဲတော်"

"ကျွန်တော်ကြိုက်တာက    တကယ်ကြိုက်တာပါ။    သူလည်းပဲ သိလောက်ပါတယ်။ အခု ကျွန်တော် ဖွင့်ပြောနေပြီမဟုတ်လား။ ဒီတော့ သူ့ဆီက စကားတစ်လုံးရအောင်တောင်းပြီး ကျွန်တော့်ကို ပြန်ပြောပါ။ မိဘများကို ကျွန်တော်လွှတ်ပါမယ်"

"သူ့အမေကြီးက မောင့်ဆီကို လွှတ်လိုက်လို့ အစ်မလာရပြီဟာပဲ မောင်ရယ်။ စိတ်ချလောက်ကရောပေါ့"

"ဒါပေမဲ့ သူ့ဆီကစကားတစ်လုံးကို ကျွန်တော်ကြားချင်ပါသေးတယ် အစ်မကြီးရယ်။ တစ်ဆိတ်လောက် မေးပေးပါဗျာ"

"ဒီလိုဆို မေးပေးရတာပေါ့မောင်"

"တစ်ခုတော့ရှိတယ် အစ်မကြီးရေ့။ ကျွန်တော်ကတော့ ငွေ ၃ဝဝဝ ကျပ်တွေ၊ စိန်နားကပ်တွေ ဘာတွေတော့ မတတ်နိုင်ပေဘူးဗျာ"

"ဒါတွေ သိပါတယ်။ ကိုးတန်းသမားတစ်ယောက်ဟာ ငွေတင်ဖို့မလိုပါဘူး။ အမေကြီးကလည်း နားလည်ပါတယ်"

"ဒါဖြင့် ဘယ်တော့လောက် စကားပြန်မှာလဲ အစ်မကြီး"

"နက်ဖြန်ခါတော့ အစ်မကြီးရယ်၊ သူတို့သားအမိနှစ်ယောက်ရယ် မိတ္ထီလာသွားကြမလို့။ ဟိုက အပြန်တော့လာခဲ့မယ်"

"မိတ္ထီလာကို ဘာလုပ်လဲဗျာ"

"သူ့မောင်တစ်ယောက်ရှိတယ်မဟုတ်လား။ ဒီအကြောင်းကို တိုင်ပင်မလို့တဲ့။ မောင်ကသာ မိဘများနဲ့ စီစဉ်ထားပေတော့"

"သူ့မောင်က သဘောမတူဘူးဆိုရင်ကောဗျာ"

"အမယ်လေး ... စိတ်သာချ။ သူ့မောင်က ခုနစ်တန်းအောင်တဲ့လူ ဆိုရင် ပေးစားလိုက်တဲ့။ ငါ့မောင်က နှစ်တန်းတောင် ပိုနေသေးတယ်"

အပျိုကြီးပြန်ခါနီး၌ ကျွန်ုပ်က သောက်ရေအိုးစင်အနီးတွင် "ပန်း" အကြောင်းပြောလိုက်မိ၍ မျက်မှောင်ကြီး ကုတ်သလို၊ မျက်ခုံးချီသလို လုပ်သွားပုံအကြောင်းပြောလိုက်ရာ အပျိုကြီးက ...

"ဒီအကြောင်း ခဏခဏပြောပြီး အစ်မကြီးတို့ ရယ်ကြရသေးတယ်။ ငါ့မောင်က တယ်ရိုးတာကိုး" ဟု ရယ်မောကာပြော၍ ပြန်သွားလေ၏။

ဤတွင်မှ စစ်ကိုင်းတောင်ရိုး၌ ချောင်လှေကားအတက်တွင် စံဒေဝီက ကျွန်ုပ်အား လှည့်ကြည့်လိုက်သော မျက်နှာထား၌ "မောင်ရင် အ ပုံနဲ့ တော့ လွဲကုန်ကြပါလိမ့်မယ်" ဟူသောအဓိပ္ပာယ်ရှိခြင်းကို တွေးဆနိုင်ပါတော့သည်။ "ပတ္တမြားစေတီပွဲတော် လိုက်မိပေလို့ပေါ့။ နို့ဖြင့်လွဲတော့မှာပဲ။ ကံကောင်းလို့ပါတကား" ဟုလည်း ကျွန်ုပ်စဉ်းစားမိပါသည်။

ဖြူစင်သောမေတ္တာ

စံဒေဝီကိုပိုးပန်းခဲ့သောအဖြစ်အပျက်တွင် ဤအချိန်သည် ကျွန်ုပ်အဖို့ ရာ၌ မျှော်လင့်ချက်အများဆုံး၊ အောင်မြင်ဖို့အနီးကပ်ဆုံးသော အချိန်အပိုင်းအခြားဖြစ်၍ ထိုညဉ့်၌ ကျွန်ုပ်သည် စံဒေဝီအကြောင်းကို ပြောတတ်ကြသည့်   သူငယ်ချင်းကာလသားများ၏ ဝိုင်းသို့မသွားတော့ဘဲ ကိုယ့်အိမ်၌ပင် စိတ်ကူးယဉ်လျက်ရှိ၏။ စိတ်ထဲ၌ရှိသော အခြင်းအရာကိုရေးရလျှင် ယခင်ကမူ စံဒေဝီအကြောင်း ပြောပြခြင်းကို နားထောင် နိုင်သော်လည်း ဤညဉ့်၌မူ ချီးမွမ်းခြင်းကိုလည်းကောင်း၊ ကဲ့ရဲ့ခြင်းကို လည်းကောင်း မကြားချင်သောစိတ် ဖြစ်နေခဲ့လေပြီ။ "ကိုရင်တို့နဲ့ဘာဆိုင် လို့လဲ" ဟု မေးလိုက်ချင်သည်ဖြစ်ရာ ထိုကဲ့သို့ မေးရလောက်အောင်က လည်း   ကျွန်ုပ်အဖို့ရာတွင်  ဘာမျှ  မည်မည်ရရ ပိုင်ဆိုင်သေးသည် မဟုတ်သောကြောင့်  ထိုဝိုင်းကို ရှောင်ခဲ့ခြင်းဖြစ်၏။  ကိုယ့်အဖြစ်ကိုပြန်၍စစ်ဆေးလိုက်သည့်အခါ အပျိုကြီး၏စကား သက်သက်မျှသာရှိသေး၍ ၎င်း၏စကားထဲ၌ပင် "ကြိုက်ပါသည်" ဟူ၍ ဖွင့်ပြောခြင်းမျိုး မရှိပါ။ သူ့အထင်သက်သက်မျှသာ ရှိသေး၏။ သို့ရာတွင် ကျွန်ုပ်အဖို့ရာ၌ စိတ်ကူး ယဉ်နိုင်ဖို့ အချက်အလက်များ ပါရှိသည်ဖြစ်သောကြောင့် ပျက်နိုင်သော အခြင်းအရာများကိုဖယ်ရှားပြီး  အောင်မြင်ဖို့အကြောင်းအရာများကို လက်ခံကာ "ပုံကြီးချဲ့" ယူပါတော့သည်။  စိတ်ကူးယဉ်သည်ဆိုသော်လည်း   မေတ္တာစင်ကြယ်မှုကြောင့်  ညစ်ညမ်းသော အခြင်းအရာများမပါ။ ကိုယ်တစ်ဦးတည်းပိုင် ပစ္စည်းအနေဖြင့် မျက်နှာချင်းဆိုင်ထိုင်ပြီး ဝဝကြီး ကြည့်နေနိုင်ကြပေတော့မည် ဟူသည်ထက်မပိုခြင်းကို  ကျွန်ုပ် သစ္စာပြုဝံ့ပါသည်။ စံဒေဝီ၏ ကိုယ်အင်္ဂါအလုံးစုံတွင် ကျွန်ုပ်သတိရဆုံး၊ စိတ်ကူးမိဆုံးအပိုင်းမှာ ၎င်း၏မျက်နှာပင်ဖြစ်ရာ တစ်ဖန်ထပ်၍စိတ်လိုက်သော် မျက်လုံးပင်ဖြစ်ပါသည်။ "ကာတစ်"တွေ၊ ခါးသေးရင်ချီခြင်းတွေ ကို လုံးဝသတိမရခြင်း မှန်ပါသည်။ ပြစ်ချက်တွေ ဗရပွရှိခဲ့သော ကျွန်ုပ် ကိုယ်ကိုကျွန်ုပ် ပြန်၍စစ်ဆေးလိုက်သည့်အခါများတွင် စံဒေဝီအပေါ်၌ ထားရှိသည့် မေတ္တာ၏ဖြူစင်ခြင်းသည် အကျေနပ်ဆုံးဖြစ်ပါတော့သည်။

နောက်တစ်နေ့ နေ့လယ်တွင် စံဒေဝီသားအမိနှင့် အပျိုကြီးတို့သည် မိတ္ထီလာသို့  ရထားနှင့်သွားကြမည်ဖြစ်ရာ ၎င်းတို့၏အိမ်ရှေ့သို့  မြင်းရထားဆိုက်ခြင်းကို ကြားလိုက်ရသဖြင့်    ထွက်ကြည့်ချင်သော်လည်း ရှက်သည်နှင့်ပင် မကြည့်ဘဲနေလိုက်ပါသည်။

ယခင်ကမူ  ကျွန်ုပ်၏မေတ္တာကို မည်သူ့အားမျှ ဖွင့်၍မပြောဖူးသေး သောကြောင့် မရှက်သော်လည်း ယခုမှာမူ အပျိုကြီးအား ဖွင့်ပြောပြီးဖြစ်သောကြောင့် အပျိုကြီးကိုလည်းရှက်သည်၊ အမေကြီးကိုလည်းရှက် သည်၊ စံဒေဝီကိုပင် (စကားပြန် မရသေးသောကြောင့်) ရှက်သေးသည်။ ကျွန်ုပ်ကဲ့သို့ညံ့သော   လူပျိုလေး တစ်ယောက်သည်  ကမ္ဘာလောက တွင်ရှိပါလေ၏လောဟု  တစ်ခါတစ်ရံတွင် ကိုယ့်ဟာကိုယ်  မေးမိပါ သည်။

 ဆက်လက်ဖော်ပြပါမည်။