တောင်ကိုရီးယား၌ ဗိုင်းရပ်ကူးစက်မှုနှုန်းမြင့်တက်၊ အစိုးရကကန့်သတ်မှုများတင်းကျပ်

တောင်ကိုရီးယားနိုင်ငံ၌ နေ့စဉ်နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုမှာ ငါးလကျော်အတွင်း  အမြင့်ဆုံးအထိ ရောက်ရှိသဖြင့် အစိုးရက  ဆိုးမြို့နှင့်အနီးဝန်းကျင် ဒေသတို့၌ သြဂုတ် ၁၅ ရက်မှစ၍ အသွားအလာ တားမြစ်ကန့်သတ်မှုများကို ပိုမိုတင်းကျပ်လိုက်ကြောင်း သိရသည်။

လူစုလူဝေးပြုလုပ်ခြင်းနှင့်  အားကစားပွဲများအပါ အဝင် လူစုလူဝေးဖြစ်စေနိုင်သည့် လှုပ်ရှားမှုအားလုံးကို အစိုးရက ကန့်သတ်လိုက်ခြင်းဖြစ်သည်။ သြဂုတ် ၁၅ ရက်တွင် ဗိုင်းရပ်ကူူးစက်ခံရသူ ၁၆၆ ဦး ရှိသဖြင့် မတ်လအစောပိုင်းမှစ၍ ဗိုင်းရပ်ကူးစက်မှု အများဆုံးဖြစ်ကာ   ဗိုင်းရပ်ကူးစက်ခံရသူစုစုပေါင်း ၁၅ဝ၃၉ ဦးရှိလာပြီဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံသည် နိုဗယ်ကိုရိုနာဗိုင်းရပ် ထိန်းချုပ်မှုနှင့်ပတ်သက်၍ အရေးပေါ်အခြေအနေ ရောက်နေပြီဖြစ်ကြောင်း ဝန်ကြီးချုပ်ကပြောသည်။

အစိုးရ၏ထိပ်တန်း ဦးစားပေးဆောင်ရွက်မည့်ကိစ္စမှာ  ဆိုးမြို့ဝန်းကျင်၌ ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

တောင်ကိုရီးယားနိုင်ငံ၏လူဦးရေ ၅၁ သန်းအနက် ထက်ဝက်ခန့် နေထိုင်သည့် ဆိုးမြို့ဝန်းကျင်၌ သြဂုတ် ၁၅ ရက်မှ စ၍ သုံးရက်ဆက်တိုက် ဗိုင်းရပ်ကူးစက်မှုနှုန်း မြင့်တက်လာမည်ကိုအစိုးရက စိုးရိမ်ပူပန်လျက်ရှိသည်။

လူစုလူဝေးပြုလုပ်ခြင်းကိုရှောင်ရှားရန်   အစိုးရက တိုက်တွန်းထားသော်လည်း သမ္မတမွန်ဂျေးအင်၏အစိုးရ အဖွဲ့ကို  ဆန့်ကျင်ဆန္ဒပြသူထောင်ပေါင်းများစွာက  ဆိုးမြို့လယ်၌ သြဂုတ် ၁၅ ရက်တွင် စုဝေးဆန္ဒပြသည်။

ဆန္ဒပြသူများသည် သမ္မတမွန်ဂျေးအင်၏အိမ်ခြံမြေဈေးကွက်မူဝါဒများနှင့် အစိုးရအဖွဲ့ဝင်များပါဝင်သော  လိင်ပိုင်းဆိုင်ရာကောလာဟလများနှင့်  ပတ်သက်၍ ကန့်ကွက် ဆန္ဒပြခြင်းဖြစ်ကြောင်း သိရသည်။