၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကြည့်ရှုစစ်ဆေး

 

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဖေဖော်ဝါရီ  ၆

     ၂၀၂၄ ခုနှစ်အတွက်   မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၉ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည် ဖြစ်ရာ   မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ   ပြန်ကြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည်  တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား အဝင်မုခ်ဦး၊ Photo Booth ၊ Interview Booth၊  ဂုဏ်ပြုခံလျှောက်လမ်း    (Red Carpet) နေရာများ၊   ၁၉၅၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိခဲ့ကြသူများ၏ မှတ်တမ်းဓာတ်ပုံများနှင့် ၂၀၂၄ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားအမည်

များ ပြသထားရှိမှု၊ အခမ်းအနားကျင်းပမည့်  ကျောက်စိမ်းခန်းမ၌  အကယ်ဒမီဆုပေးပွဲ စင်မြင့်ပြင်ဆင်ထားရှိမှု၊ အသံစနစ်နှင့် မီးစနစ်များတပ်ဆင်ပြီးစီးမှု၊  Stage LED Screen နှင့် LED ဘုတ်များ တပ်ဆင်မည့် နေရာများ၊  နေရာထိုင်ခင်းများနှင့် မီဒီယာဇုန် သတ်မှတ်ထားသည့်နေရာများ ပြင်ဆင် ဆောင်ရွက်ထားရှိမှုတို့ကို  လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် အနုပညာရှင်များကို အလေးထား တန်ဖိုးထားသည့်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း၊ ထို့အတွက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ  အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး၊   အခမ်းအနား အစီအစဉ်များအလိုက်  ကြိုတင်လေ့ကျင့်မှုများကို စနစ်တကျစီမံ ဆောင်ရွက်သွားကြစေလိုကြောင်း မှာကြားသည်။