ယူကရိန်းက နေတိုးအဖွဲ့ဝင်အဖြစ် ပါဝင်ရန်ကြိုးပမ်းမှုအပေါ် ထရမ့်၏ ရပ်တည်ချက်ကို ကြိုဆိုဟု ရုရှား ပြောကြား

 

ယူကရိန်းက နေတိုးအဖွဲ့ဝင်အဖြစ် ပါဝင်ရန်ကြိုးပမ်းမှုအပေါ် ထရမ့်၏ ရပ်တည်ချက်ကို ကြိုဆိုဟု ရုရှား ပြောကြား

 

    ယူကရိန်းနိုင်ငံက နေတိုးအဖွဲ့ဝင်အဖြစ် ပါဝင်ရန်ကြိုးပမ်းမှုအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ရပ်တည်ချက်ကို ရုရှားက ကြိုဆိုကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဆာဂျီလက်ရော့က ပြောသည်။

ယူကရိန်းနိုင်ငံက နေတိုးအဖွဲ့သို့ဝင်ရောက်မည့် အစီအစဉ်ကို ထောက်ခံခြင်းသည် မှားယွင်းသည်ဟု ဝန်ခံပြောကြားသည့် ပထမဆုံးသော အနောက်နိုင်ငံမှ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၎င်း၏ရပ်တည်ချက်၊ သဘောထားကို ရုရှားကကြိုဆိုကြောင်း လက်ရော့က ဖေဖော်ဝါရီလ ၅ ရက်တွင် ပြောကြားခြင်းဖြစ်သည်။

ယူကရိန်းနိုင်ငံသည် နေတိုးအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် မပါဝင်သင့်ဟူသော ရုရှားအစိုးရ၏ ရပ်တည်ချက်ကို နားလည်ကြောင်း ထရမ့်က ပြီးခဲ့သည့်လအတွင်းက ဖလော်ရစ်ဒါပြည်နယ်၌ သတင်းထောက်များကို ပြောကြားခဲ့သည်။

ထို့ပြင် ရုရှား၏အနေအထားနှင့် ရပ်တည်မှုကို ရှေးယခင်ကတည်းက ဖော်ပြထားပြီးဖြစ်ကြောင်း၊ သို့သော် ယင်းအချက်ကို သမ္မတဟောင်း ဂျိုးဘိုင်ဒင်က လျစ်လျူရှုခဲ့ခြင်းကြောင့် လက်ရှိဖြစ်ပွားနေသည့် ယူကရိန်းပဋိပက္ခ စတင်ခဲ့ခြင်းဖြစ်သည်ဟု ထရမ့်က ဆက်လက်ပြောကြားသည်။

ယူကရိန်းနိုင်ငံက နေတိုးတပ်ဖွဲ့ဝင်အဖြစ် ပါဝင်ရန်ကြိုးပမ်းခြင်းသည် အဓိကမှားယွင်းမှု တစ်ရပ်ဖြစ်ကြောင်းကို ထရမ့်က ရှင်းလင်းစွာ ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ အကယ်၍ အမေရိကန်ပြည်ထောင်စု၌ လွန်ခဲ့သည့် နှစ်များအတွင်း ထရမ့်သာ သမ္မတအဖြစ် ထမ်းဆောင်ခဲ့မည်ဆိုပါက ယူကရိန်းပဋိပက္ခ ဖြစ်ပွားမည်မဟုတ်ဟု လက်ရော့က ပြောကြားခဲ့ကြောင်း သိရသည်။