
တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ
ယမန်နေ့မှအဆက်
ဖခင်၏အစီအစဉ်
ထိုနေ့ညနေတွင် ဖခင်ရောက်လာ၏။
ဖခင်၏မျက်နှာကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ဖွင့်ပြောရမည့်ကိစ္စကို သတိရသွား၍ ဒိတ်ခနဲဖြစ်ရ၏။ ဖခင်ကမူ … "သန်ဘက်ခါ မင်း လိုက်ခဲ့ရမယ်ဟေ့။ ကျောင်းဆရာကြီးကိုပြောပြီး အားလုံး ပြင်ဆင်ထား"ဟု ပြောသည်နှင့် ကျွန်ုပ်က... "ခွင့်ခံခဲ့ရမှာလား" ဟု မေးရာ ...
"မဟုတ်ဘူး။ တစ်ခါတည်းထွက်ခဲ့ရမှာ"ဟု ပြောသဖြင့် ဦးခေါင်းကြီး၍ သွား၏။ နောက်ဆုံး၌ ကျွန်ုပ်သိရသည်မှာကား ရွှေဘိုမြို့ အရေးပိုင်ရုံးတွင် ကူညီစာရေးလုပ်ဖို့အတွက် ဟက်ကလတ်စာရေးကြီးနှင့်တကွ ရုံးအုပ်စာရေးကြီးနှင့်ပါ စီစဉ်ခဲ့ပြီးဖြစ်ကြောင်း၊ သုံးလအတွင်း အလုပ်တစ်ခု ရလိမ့်မည့်အကြောင်းပြောသည်တွင် ကျွန်ုပ်၏မျက်နှာ၌ သွေးဆုတ်ပြီး ဖြူဖပ်ဖြူရော်ဖြစ်သွားသည် ထင်လိုက်မိ၏။ ကျွန်ုပ်က ခေတ္တဆိုင်းဖို့ ပြောသော်
လည်း လက်မခံသည်နှင့် စံဒေဝီအကြောင်းနှင့် အပျိုကြီး၏စကားများအကြောင်းကို ပြောပြလေ၏။
"ဒီလိုဆို ဘာခက်သလဲ။ ဒီကနေ့ည ငါ သွားပြောမယ်လေ" ဤတွင် ကျွန်ုပ်က သူတို့မရှိသေးကြောင်း၊ စံဒေဝီထံမှ စကားပြန်ကို စောင့်နေရကြောင်း ပြောပြလေရာ ဖခင်က...
"ကိစ္စမရှိဘူး။ မင်းလိုက်ခဲ့။ မင်းကို ရုံးပို့ပြီး ငါ တစ်ခေါက်လာပြောမယ်။ ကျေနပ် တယ်မဟုတ်လား" ဟု မေး၏။ ကျွန်ုပ်က စံဒေဝီ၏ စကားလုံးတစ်လုံးအတွက် စောင့်စေလိုကြောင်း၊ အပျိုကြီး၏ စကားသက်သက်မျှသာ ရှိသေးကြောင်း ပြောသော်လည်း...
"မင်းပြောတဲ့အတိုင်းဆိုရင် နေရာကျမှာပါကွယ်။ လိုက်သာလိုက်ခဲ့ပါ။ ငါ တစ်ခေါက်လာပြီး ပြောပါ့မယ်" ဟု အတင်းခေါ်သည်နှင့် လိုက်သွားရပါတော့သည်။
ခံရခက်ဆုံးသော ရက်သတ္တပတ်ရွှေဘိုမြို့သို့ရောက်ကြ၍ ရုံးအုပ်စာရေးကြီးနှင့်တွေ့ပြီး စီစဉ်ပြီးရာတွင် (ထိုခေတ်၌ ရွှေဘိုတစ်မြို့လုံးနှင့် ရုံးအားလုံးတွင် ကိုးတန်းအောင်သူတစ်ယောက်မျှမရှိသေးရာ အကူစာရေးမျှလောက် ဖြစ်ဖို့မှာ အခက်အခဲမရှိ၊ မျက်နှာပင်ရခဲ့သေး၏။) ကျွန်ုပ်၏တင်ပါးတွင် သွေးစုနာကြီး ချက်ချင်းပေါက်လာ၍ လမ်းပင် မလျှောက်နိုင်ဘဲရှိသည်နှင့် ဝက်လက်သို့ လိုက်လာရပြန်သည်။ သွေးစုနာဟူသည်
မှာ ပြည်မှည့်ပြီးမှ ပျောက်ရသောအနာမျိုးဖြစ်၍ ကိစ္စတန်းလန်းအတွင်း ရက်ပေါင်း ၂ဝ မျှလောက် စောင့်ရမည့်အရေးကြောင့် ကျွန်ုပ်အဖို့ရာ၌ ငရဲပြည်ပို့ထားသည့်နှယ် စိတ်ဆင်းရဲခဲ့ရပါသည်။ ဤအရေးတွင် ကျွန်ုပ်ဖခင်ကား တော်ရှာပါပေသည်။ မန္တလေးမှ သတင်းကို နားထောင်၍ စံဒေဝီတို့သားအမိ ပြန်ရောက်ပြီဟု ကြားသိရသည်နှင့်တစ်ပြိုင်နက် ချက်ချင်းဆင်း၍ပြောရာ လက်ခံလိုက်သည်ဆိုသောကြောင့် ကျွန်ုပ်ဝမ်းသာလှသည်။ သို့ရာတွင် အနာပြည်မှည့်ဖို့မှာ ရက်သတ္တပတ်ခန့် လိုသေးသောကြောင့် ကျွန်ုပ်၏ တစ်သက်
တာတွင် အခံရအခက်ဆုံးသော ရက်သတ္တပတ်ဟူ၍ မှတ်တမ်းတင်ထားရပါသည်။
ဩဘာပေးကြခြင်း
သီတင်းကျွတ်လဆန်း ၁၃ ရက်နေ့မှာ သကျသီဟဘုရား ဆွမ်းတော်ကြီးကပ် သောနေ့ဖြစ်၍ ကျွန်ုပ်၏ သွေးစုနာလည်း ပြည်ပေါက်သည်နှင့် ထိုနေ့မှာပင် မန္တလေးသို့ဆင်းလာခဲ့၏။ ညနေခင်းတွင် ဘူတာရုံ သို့ ဆိုက်ရောက်၍ ကာလသားသူငယ်ချင်း များရှိသောနေရာသို့သွားလေရာ တစ်ကျိပ် ခန့်မျှသော သူငယ်ချင်းများသည် ထိုည၌ သကျသီဟဘုရား ဆွမ်းတော်ကြီးကပ်ဖို့ သွားကြရန်အတွက် စုရုံးလျက်ရှိသည်နှင့် အဆင် သင့်တွေ့ရသည်။ ၎င်းတို့သည် ကျွန်ုပ်ကို မြင်လျှင်မြင်ချင်း "ဟစ်ဟစ်ဟူးရေး"ဟု သုံးကြိမ်ဩဘာပေးလိုက်ကြသဖြင့် ကျွန်ုပ် အံ့အားသင့်သွား၏။ စုံစမ်းကြည့်သော အခါ ၎င်းတို့သည် ဖခင်၏စကားကို စံဒေဝီ ၏မိခင်က လက်ခံလိုက်ကြောင်း သတင်း ကြားကြပြီးဖြစ်သောကြောင့် ဩဘာပေး ခြင်းဖြစ်သည်ဟု သိရ၏။ စံဒေဝီကို ပိုးပန်းသူများအနက် တစ်ယောက်ကမူ ကျွန်ုပ်၏လက်ကိုဆွဲလျက် "ကွန်ကရက် ကျူလေးရှင်း"ဟု ဆိုပါပေသည်။ ထိုညနေအဖို့၌ ဤလူစုထဲတွင် ကျွန်ုပ်မှာ"ဟီးရိုး" ကြီးတစ်ယောက်ဖြစ်နေ၍ ခဏခဏဩဘာပေးခြင်းခံရ၏။ တချို့ကလည်း '' တော်တော်လုံတဲ့လူတစ်ယောက်ပဲဗျာ၊ ကျုပ်တို့ကဖြင့် သူ့ကိုတောင်ကပ်ရမလားမှတ်နေ။ မောင်မင်းကြီးသားက အုံ့ပုန်းကြီးလုပ်နေတာကိုးဗျ"ဟု ပြော၏။ တချို့ကလည်း "ဒါတော့ မပြောပေနဲ့လေ။ သူ့မှာလည်း မျက်စိနဲ့ပဲဗျ" ဟု ဝင်ပြော၏။ "ကြိုက်တာတော့ ကြိုက်ရပါတယ်။ ဒီလိုဆို ကျုပ်တို့ ခြေညောင်းမခံဘူးပေါ့ဗျ"ဟု ပြောသူကပြော၍ တစ်ယောက်က "ကိုယ်ကြိုက်ကိုယ်ပိုးပေါ့ဗျာ။ ဘာဖြစ်သလဲ" ဟုပြောရာ တခြားတစ်ယောက်က "သူက ကိုးတန်းသမားဗျ၊ ကျုပ်တို့က လေးငါးတန်းနဲ့ ဘာစွံနိုင်မှာလဲ"ဟု ပြောလေသည်။ ဤလူစုအနက်တွင် ကျွန်ုပ်ထက် ရုပ်ချောသူများ၊ ဝတ်နိုင်စားနိုင်သူများ၊ ဝင်ငွေရှိသည့် ဈေးသည်ကလေးများ၊ သုံးနိုင်ဖြုန်းနိုင်သူများရှိကြပါလျက် အင်္ဂလိပ်စာကို မည်မျှလောက် အထင်ကြီးကြောင်း ထင်ရှားလှပါသည်။
ထူးဆန်းသောကြည့်ခြင်း
ထိုညဉ့်၌ ကျွန်ုပ်သည် သူငယ်ချင်းများ နှင့်အတူ သကျသီဟဘုရားပွဲသို့ လိုက်သွား သော်လည်း စံဒေဝီကို မြင်လိုသေးသည်နှင့် လူစုနှင့်ခွဲပြီး တစ်ယောက်တည်းလိုက်၍ ရှာ၏။ စံဒေဝီတို့သားအမိသည် ဤဘုရား ပွဲသို့ နှစ်တိုင်းလာတတ်ခြင်းကိုလည်း ကျွန်ုပ် သိပြီးဖြစ်၏။ ဘုရားပေါ်သို့ရောက် ၍ အရှေ့မြောက်ထောင့်အပေါက်မှ ရပ်ပြီး ဘုရားဖူးသူများအား လှမ်းကြည့်လိုက်စဉ် ကျဉ်းမြောင်းသောအပေါက်ကလေးတွင် စံဒေဝီနှင့် ကျွန်ုပ် မျက်နှာချင်းဆိုင်ရပ် လျက်သား ဆုံမိနေကြလေတော့၏။ ထို အခိုက်အတန့်၌ မိခင်ကိုမမြင်ရဘဲ စံဒေဝီ တစ်ယောက်တည်းရှိနေရာ ကျွန်ုပ်က ဝမ်းပန်းတသာ နှုတ်ဆက်လိုက်မည်အပြု တွင် သူ၏ ထူးဆန်းသော မျက်နှာထားကို မြင်လိုက်ရသည်နှင့် တန့်ခနဲရပ်ထားလိုက် ၏။ စံဒေဝီသည် ကျွန်ုပ်အား အလွန်ပြော ချင်သောစကားတစ်ခွန်းရှိသည့်လက္ခဏာ နှင့်စိုက်ကြည့်ပြီးမှ နောက်သို့လှည့်ကြည့် လိုက်ရာ အမေကြီးရောက်လာသည်နှင့် မပြောတော့ဘဲ ဆိုင်းထားလိုက်၏။ သို့ရာ တွင် စကားပြောချင်ပုံရသည့်လက္ခဏာမှာ မူ သူ၏မျက်နှာ၌ ကျန်လျက်ပင်ရှိသေး၏။ အမေကြီးရောက်လာ၍ ကျွန်ုပ်ကိုမြင်သော အခါ ကျွန်ုပ်မျှော်လင့်သော မျက်နှာထား မျိုးမဟုတ်ဘဲ ရှက်သလိုလို၊ အားနာသလိုလို ဖြစ်နေခြင်းကို တွေ့ရ၏။ မည်သို့ပင်ဖြစ် စေ အမေကြီးကား ကျွန်ုပ်ကိုမြင်ရသည့် အတွက် ဝမ်းသာပုံမရခြင်းကား သေချာလှသည်။ ကျွန်ုပ်သည် သားအမိနှစ်ယောက်စလုံး၏အမူအရာကို နားမလည်နိုင်သည်နှင့် နှုတ်ဆက်မည့်အကြံကို ရုပ်သိမ်း၍ ကျဉ်းမြောင်းသောတံခါးဝတွင် တိမ်းရှောင်ပေးလိုက်ရာ ရှေ့မှထွက်လာသော စံဒေဝီသည် ယခင်မျက်နှာထားအတိုင်း တစ်ချက်လှည့်ကြည့်သေးသော်လည်း အမေကြီးမူကား မျက်နှာငုံ့၍သွားတော့၏။ ဤ
မိန်းမကြီးကား သူ့သမီးအားပိုးသော လူပျိုကလေးများကို ကြည့်ရာတွင် အလွန်မျက်လုံးရဲသူ တစ်ယောက်ဖြစ်သောကြောင့် သူ၏ ဤညဉ့် အပြုအမူကို ကျွန်ုပ်နားမလည်နိုင်အောင် ရှိတော့သည်။
ဆက်လက်ဖော်ပြပါမည်။