နိုင်ငံတော်တည်ဆောက်ရေးတွင် လက်တွဲပါဝင်ရေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်ကာ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ရှေးရှုဆောင်ရွက်လျက်ရှိသည်။ တည်ငြိမ်အေးချမ်းရေးနှင့်ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်လျက်ရှိသည်။ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင်ပါရှိသည့် “နိုင်ငံတော်၏ပကတိအနှစ်သာရဖြစ်သော ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ရရှိထားသည့်ပြည်တွင်းငြိမ်းချမ်းရေး ရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်” ဆိုသည့်အတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို နိုင်ငံတော်ဘက်က စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားပြည်သူများအားလုံး ကိုယ်စိတ်နှလုံးချမ်းသာစွာ နေနိုင်ရေးအတွက် ငြိမ်းချမ်းရေးကို ဆောင်ရွက်နေချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် မိမိတို့၏ဆန္ဒနှင့် မိမိအဖွဲ့အစည်း အကျိုးစီးပွားထက် ဖြစ်သင့်ဖြစ်ထိုက်သည့် ပြည်ထောင်စုနှင့် တိုင်းရင်းသားပြည်သူအားလုံး၏ အကျိုးစီးပွားကိုစိ တ်ရင်းစေတနာမွန်ဖြင့် ရှုမြင်သုံးသပ်ကာ ပြည်ထောင်စုငြိမ်းချမ်းရေးကို ရှေးရှုတွေးမြင် လုပ်ဆောင်ကြရမည်ဖြစ်သည်။ မိမိတို့နေထိုင်ရာဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် မျိုးဆက်သစ်လူငယ်များ၏ အနာဂတ်ဘဝလှပရေးကို ငြိမ်းချမ်းရေး တည်ဆောက်ခြင်းဖြင့် ဆောင်ရွက် ပေးကြရမည် ဖြစ်သည်။
ရှမ်းပြည်နယ်သည် တိုင်းဒေသကြီးနှင့်ပြည်နယ်များ အားလုံးအနက် ဧရိယာအကျယ်ပြန့်ဆုံးဖြစ်ပြီး တိုင်းရင်းသားမျိုးနွယ်စု အများဆုံး မှီတင်းနေထိုင်လျက်ရှိသည့် ပြည်နယ်ကြီးဖြစ်သည်။ ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားများသည် ကာလရှည်ကြာအတူယှဉ်တွဲ စုပေါင်းနေထိုင်လျက်ရှိကြသည်။ ဤသို့နေထိုင် လျက်ရှိခြင်းမှာ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်မှုကို ဖော်ပြခဲ့သည့် အစဉ်အလာကောင်းပင် ဖြစ်သည်။
မြန်မာနိုင်ငံကို ဗြိတိသျှတို့နယ်ချဲ့သိမ်းပိုက်ပြီးသည်မှစ၍ ယခင်ကမခွဲမခြား၊ မကွဲမပြား နေထိုင်ခဲ့ကြသည့် တောင်တန်းဒေသနှင့်မြေပြန့်ဒေသကို နယ်ချဲ့တို့က နည်းပရိယာယ်မျိုးစုံဖြင့် သွေးခွဲအုပ်ချုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးရမည့် အခြေအနေတွင်ပင် တောင်တန်းဒေသများကို ချန်လှပ်ပြီး ဆက်လက်သွေးခွဲအုပ်ချုပ်ရန် ကြိုးပမ်းခဲ့သည်။ ထို့ကြောင့် ရှမ်းပြည်ပဒေသရာဇ်ကောင်စီဝင် စော်ဘွားများနှင့် ရှမ်းပြည်နယ်ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်မှ လူထုကိုယ်စားလှယ်များက ရှမ်းပြည်နယ် ပင်လုံမြို့တွင် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်မှ ၆ ရက်အထိဆွေးနွေးခဲ့ကြပြီး ဖော်ဖော်ဝါရီလ ၇ ရက်တွင် လူထုကိုယ်စားလှယ်ခုနစ်ဦး၊ စော်ဘွားများကိုယ်စားလှယ်ခုနစ်ဦးတို့ပါဝင်သော ရှမ်းပြည်နယ်ကောင်စီ အမှုဆောင်အဖွဲ့ကို အောင်မြင်စွာဖွဲ့စည်းခဲ့ကြသည်။ ရှမ်းပြည်နယ်ရှိ ပဒေသရာဇ်စော်ဘွားများနှင့် လူထုခေါင်းဆောင်များ၏ ညီညွတ်မှုကို အရင်းခံသော ဆုံးဖြတ်ချက်သည် သမိုင်းဝင်ပင်လုံစာချုပ်ကြီးနှင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာရေးအတွက် ခိုင်မာသောအုတ်မြစ်ဖြစ်သည့် ဖေဖော်ဝါရီလ ၇ ရက်ကို ရှမ်းပြည်နယ်နေ့အဖြစ် သတ်မှတ်ဂုဏ်ပြုကျင်းပခဲ့သည်မှာ ယခုအခါ(၇၈)နှစ်တိုင်ခဲ့ပြီဖြစ်သည်။ ရှမ်းပြည်နယ်နေ့ပေါ်ပေါက်လာရခြင်းသည် နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုကိုတွန်းလှန်နိုင်ခဲ့ကြသည့် သမိုင်းဖြစ်ရပ်ကြီးနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်ပြီး မြန်မာနိုင်ငံလွတ်လပ်ရေးခရီးကို အထောက်အပံ့ကောင်းဖြင့် ဖြောင့်တန်းစေခဲ့သောကြောင့် တိုင်းရင်းသားများအတွက် ထူးခြားလေးနက်သော နေ့ထူးနေ့မြတ်ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်သည် (၇၈)နှစ်မြောက်ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာတွင် “တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် နိုင်ငံတစ်နိုင်ငံ အေးချမ်းတည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေစေရေးအတွက် အသက်တမျှအရေးကြီးပါသည်။
ထို့အပြင် နိုင်ငံတစ်နိုင်ငံတိုးတက်ရေးအတွက် ကြီးမားသော မောင်းနှင်အားတစ်ရပ်ဖြစ်သည့်အတွက်လည်း တိုင်းရင်းသား ညီအစ်ကိုများအကြား သံသယများဖယ်ရှားကာဆွေးနွေးညှိနှိုင်းခြင်းဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိအောင် တည်ဆောက်သွားကြရမည်ဖြစ်ပါသည်။ လက်နက်ကိုင်အဖွဲ့အစည်းများရှိသည့် နယ်မြေဒေသများရှိ ဒေသခံပြည်သူများသည် နိုင်ငံနှင့်ပြည်သူတို့၏အကျိုးစီးပွားကိုထိခိုက်စေသည့် အကြမ်းဖက်မှုများနှင့် တိုက်ခိုက်မှုများကို စိတ်ကုန်မုန်းတီးနေကြပြီဖြစ်ပါသည်။ မိမိတို့၏လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေးတို့ကို များစွာတောင့်တလျက်ရှိကြသော ပြည်သူအားလုံး၏ ဆန္ဒကိုထည့်သွင်း စဉ်းစားကြရန် အသိပေးလိုပါသည်”ဟူ၍ ထည့်သွင်းဖော်ပြထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာ စေရေးနှင့်ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ တိုင်းရင်းသားပြည်သူများအနေဖြင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ရာတွင် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။