တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး

 

တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၅  ခုနှစ်၊ ဖေဖော်ဝါရီ  ၉  ရက်)

    (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့်  MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်အနီးရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။ အဆိုပါပြပွဲပြိုင်ပွဲ၌ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှပါဝင်ကြမည့် MSME လုပ်ငန်းရှင်များအနေဖြင့် ပြိုင်ပွဲအမျိုးအစားခြောက်မျိုး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။  အမျိုးအစားများအနေဖြင့် အသေးစားထုတ်ကုန်များ၊ အငယ်စားထုတ်ကုန်များ၊ အလတ်စားထုတ်ကုန်များ၊ စားသောက်ကုန်၊ လူသုံးကုန်၊ ရက်ကန်း၊ လက်မှုထည် စသည့်အသေးစား စက်မှုလက်မှုလုပ်ငန်းထုတ်ကုန်များ၊ ကုန်ထုတ်သမဝါယမအသင်း စွမ်းဆောင်ရည်နှင့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၁၅ ခုမှ ဒေသတစ်ခု ထုတ်ကုန်တစ်ခု ထုတ်ကုန်များဖြစ်သည်။

နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် MSME လုပ်ငန်းများမှာ အဓိကအခန်းကဏ္ဍတွင် ပါဝင်သည်။ MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲမှတစ်ဆင့် ဒေသအသီးသီးက လုပ်ငန်းရှင်များအချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု၊ ရိုင်းပင်းကူညီမှု၊ ဈေးကွက်ပိုမိုချိတ်ဆက်နိုင်မှုများ ရရှိလာမည်ဖြစ်သည်။ လာရောက်ကြည့်ရှု ဝယ်ယူကြမည့်ပြည်သူများ အနေဖြင့်လည်း တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး၏ ရိုးရာဓလေ့ယဉ်ကျေးမှုများ၊ ဒေသဆိုင်ရာဗဟုသုတများ၊ အဆင့်မြှင့်ထုတ်လုပ်လာသည့် ပြည်တွင်းတန်ဖိုးမြှင့် ထုတ်ကုန်များကို မြင်တွေ့လေ့လာ ဝယ်ယူနိုင်ကြမည်ဖြစ်သည်။

ဤကဲ့သို့ပြိုင်ပွဲများ ကျင်းပပေးခြင်းအားဖြင့် MSME လုပ်ငန်းများ၏ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်မြှင့်တင်နိုင်စေရန်၊ တန်ဖိုးမြှင့်ထုတ်ကုန် အမယ်သစ်များကို ပြည်တွင်း၌ ပိုမိုသုံးစွဲနိုင်ရန်၊ ပြည်ပသို့ဈေးကွက်ချဲ့ထွင်နိုင်စေရန်၊ ဒေသအလိုက် ဒေသတစ်ခုထုတ်ကုန်တစ်ခု အောင်မြင်ရေးအတွက်အားပေးမြှင့်တင်ရန်၊  MSME များနှင့်ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများ  ပိုမိုချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လာစေရန်၊ ပြည်ထောင်စုအဆင့် အသိအမှတ်ပြု MSME စံပြထုတ်ကုန်ဆုများ ပေးအပ်နိုင်စေရန်နှင့် MSME လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်စေရန်တို့ကို များစွာအထောက်အကူ ပြုစေမည်ဖြစ်သည်။

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း သည် ဖေဖော်ဝါရီလ ၅ ရက်က ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမှာစကားပြောကြားစဉ် “MSME လုပ်ငန်းများသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို များစွာအထောက်အကူ ပြုနိုင်သည့်အတွက် ယခုကျင်းပမည့် ပြပွဲနှင့်ပြိုင်ပွဲကို ခမ်းခမ်းနားနားဖြင့် ရည်မှန်းချက်ကြီးကြီးထား၍ ကျင်းပခြင်းဖြစ်ကြောင်း၊ MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲမှ တစ်ဆင့် MSME လုပ်ငန်းများသည် နိုင်ငံတော်၏ အမျိုးသားရေး ရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းရှင်များ အနေဖြင့် ဒေသတစ်ခုထုတ်ကုန် တစ်ခုထုတ်လုပ်ပြီး ပြည်တွင်းသုံးစွဲရုံသာမက ပြည်ပသို့ တင်ပို့နိုင်သည်အထိ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း”ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း ဆောင်ရွက်လျက်ရှိသော MSME ထုတ်ကုန်များကို ပြည်တွင်းဈေးကွက်၌သာမက ပြည်ပသို့လည်း တင်ပို့နိုင်ရမည်ဖြစ်ပြီး ပြည်ပသို့တင်ပို့နိုင်ရေးအတွက် ဈေးကွက်လိုအပ်ချက်များ၊ စာရွက်စာတမ်းဆိုင်ရာ လိုအပ်ချက်များ၊ နည်းစနစ်ဆိုင်ရာ လိုအပ်ချက်များကို လုပ်ငန်းရှင်များ အနေဖြင့်သိရှိနားလည်မှသာ လုပ်ငန်းများပိုမို အဆင်ပြေနိုင်မည်ဖြစ်သည်။ ယခုကဲ့သို့ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲများပြုလုပ်ခြင်းမှ တိုင်းဒေသကြီးနှင့်ပြည်နယ် ထုတ်ကုန်များအနေဖြင့် သွင်းကုန်အစားထိုး ပြည်တွင်းဈေးကွက်အတွင်း ပြည်သူများ သုံးစွဲနိုင်မည်ဖြစ်ပြီး ပြည်ပသို့တင်ပို့နိုင်ရန်အတွက် လိုအပ်သည့်နည်းစနစ်ပိုင်းနှင့် အချက်အလက်များ၊  အထောက်အထားပိုင်းများကို  ဝန်ကြီးဌာနများနှင့် မည်သို့ချိတ်ဆက်၍ ဆောင်ရွက်ပေးနိုင်မည်ကို လုပ်ငန်းရှင်များအားလုံး သိရှိနိုင်စေမည်ဖြစ်သည်။

ထို့ပြင် ယခုကဲ့သို့ပြပွဲပြိုင်ပွဲ ကျင်းပပေးခြင်းအားဖြင့် မိမိတို့၏ ထုတ်ကုန်ပစ္စည်း ကွာခြားချက်၊ ဈေးနှုန်းနှင့် အရည်အသွေး၊ ထုပ်ပိုးမှုပုံစံ၊ နည်းပညာ၊ ပြည်ပတင်ပို့နိုင်မှု အခြေအနေတို့ကို နှိုင်းယှဉ်နိုင်ပြီး  လိုအပ်ချက်များကိုပြုပြင်နိုင်ကြမည်ဖြစ်သည်။ မည်သည့်လုပ်ငန်းမဆို ယှဉ်ပြိုင်မှုရှိမှသာလျှင် တိုးတက်မှုရှိမည်ဖြစ် သည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက်  မိမိတို့ထုတ်ကုန်များအနေဖြင့် ထုတ်ကုန်အမျိုးအစားချင်း တူသော်လည်း အရည်အသွေး၊ အရသာ၊  ထုပ်ပိုးမှုပုံစံနှိုင်း ယှဉ်နိုင်မည်ဖြစ်သည်။  ထိုအခါ  မိမိတို့၏ အားသာချက် အားနည်းချက်များကို  လွယ်ကူစွာသိရှိနိုင်ပြီး ပြုပြင်စရာရှိသည်များကိုပြုပြင်နိုင်မည်ဖြစ်သည်။ လုပ်ငန်းရှင်များ အချင်းချင်း အတွေ့အကြုံများကို မျှဝေနိုင်ခြင်းဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် ပိုမိုပါဝင်လုပ်ဆောင်နိုင်မည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး”ကို စီးပွားရေး ဦးတည်ချက်တစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိသည်။ MSME လုပ်ငန်းများလုပ်ဆောင်နိုင်ရန် ငွေကြေးအရင်းအနှီး၊ မြေနေရာနှင့်လျှပ်စစ်ဓာတ်အား ရရှိရေးနှင့်ပတ်သက်၍လည်း နိုင်ငံတော်အစိုးရအနေဖြင့်  အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးလျက်ရှိသည်။

တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးသည် နိုင်ငံအတွက် အောင်မြင်အောင် လုပ်ဆောင်ပေးရမည့် ကိစ္စဖြစ်ပေရာ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်အောင် ကြိုးစား လုပ်ဆောင်ကြရန်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။    ။