အိန္ဒိယနိုင်ငံမှ လူသားချင်း စာနာထောက်ထားမှု ခေါင်းဆောင်နှင့် ငြိမ်းချမ်းရေး သံတမန် ဂုရုကြီးနှင့်အဖွဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၊ စီးပွားရေးနှင့် ကုမ္ပဏီ လုပ်ငန်းရှင်များအား စိတ်အေးချမ်းမှု ကျင့်စဉ်များ ဆွေးနွေးဟောပြော
ရန်ကုန် ဖေဖော်ဝါရီ ၈
ရန်ကုန်မြို့၌ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံမှ လူသားချင်း စာနာထောက်ထားမှု ခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန် ဂုရုကြီး Sri Sri Ravi Shankar သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ နတ်မောက်လမ်းရှိ Chatirium Hotel The Grand Ballroom ၌ စီးပွားရေး လုပ်ငန်းရှင်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး စိတ်အေးချမ်းမှု ကျင့်စဉ်နှင့်စပ်လျဉ်း၍ ဆွေးနွေး ဟောပြောသည်။
အခမ်းအနားသို့ အိန္ဒိယသံအမတ်ကြီး H.E.Mr. Abhay Thakur နှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ကုမ္ပဏီများမှ လုပ်ငန်းရှင်များနှင့် လေ့လာသူများ တက်ရောက်ကြသည်။
ဦးစွာ ကမ္ဘာကြီးတွင် လိုအပ်သော ငြိမ်းချမ်းမှုအတွက် မေတ္တာတရားများ မွေးမြူရန် လိုအပ်မှုနှင့် ကျန်းမာသောခန္ဓာကိုယ်ကို ပိုင်ဆိုင်ရရှိနိုင်စေသော ရှုမှတ်မှု ကျင့်စဉ်များနှင့် စပ်လျဉ်းသည့် ဗီဒီယိုဖိုင်ကို ပြသသည်။
ထို့နောက် ဂုရုကြီးအား အိန္ဒိယသံအမတ်ကြီးနှင့် တာဝန်ရှိသူတို့က ဂါရဝပြုပန်းစည်း များ ပေးအပ်သည်။
ယင်းနောက် ဂုရုကြီးက စိတ်ပိုင်းဆိုင်ရာ စွမ်းအင်ကြီးမားမှု၊ ဘဝတွင် ကြုံတွေ့ရသော အခက်အခဲများကို စိတ်ဖြင့်ထိန်းချုပ်၍ အောင်မြင်စွာကျော်ဖြတ်နိုင်မှု၊ တရားထိုင်ခြင်းဆိုင်ရာများ၊ ငြိမ်းချမ်းမှုကို ရရှိစေရန် စိတ်နှလုံး တည်ငြိမ်အေးချမ်းမှုကို စတင်မွေးမြူ ပျိုးထောင်ပေးမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဟောပြောပြီး တက်ရောက်လာသူများနှင့်အတူ တရားထိုင်မှု ကျင့်စဉ်ကို လက်တွေ့ပြသကာ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ရှင်းလင်းဖြေကြားသည်။
မွန်းလွဲပိုင်းတွင် ဂုရုကြီး Sri Sri Ravi Shankar သည် အမျိုးသားကဇာတ်ရုံ၌ ကျင်းပသည့် တရားကျင့်စဉ်နှင့် အသိဉာဏ် ပွင့်လင်းမှုဆိုင်ရာ အခမ်းအနားသို့ တက်ရောက်၍ နှုတ်ခွန်းဆက်စကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးစိုးသိန်း၊ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur၊ နီပေါသံအမတ်ကြီး H.E.Mr.Harishchandra Ghimire ၊ ကမ္ဘောဒီးယား သံအမတ်ကြီး H.E. CHENG Manith နှင့် သီရိလင်္ကာသံအမတ်ကြီး H.E.Mrs. Prabashini Ponnamperuma တို့နှင့်အတူ ဆီမီးထွန်းညှိ ပူဇော်သည်။
ထို့နောက် ယောဂကျင့်စဉ်(Yoga) နှင့်စပ်လျဉ်း၍ ရှင်းလင်းဟောပြောပြီး တက်ရောက်လာသူတို့နှင့်အတူ ယောဂကျင့်စဉ်ကိုပြသကာ “Celebrating Love” မြန်မာဘာသာပြန် စာအုပ်ကို မိတ်ဆက်ပေးသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ အိန္ဒိယရိုးရာအက၊ ယဉ်ကျေးမှု တက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ရိုးရာအကတို့ဖြင့် ဖျော်ဖြေတင်ဆက်ပြီး Art of Living ပရဟိတအဖွဲ့မှ ဂုရုကြီးအား ဂုဏ်ပြုသီချင်းဖြင့် ဂါရဝပြုသည်။
ညပိုင်းတွင် ဂုရုကြီးနှင့်အဖွဲ့သည် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ဆီမီး၊ ပန်းနှင့် ရေချမ်းများ ဆက်ကပ်လှူဒါန်းကာ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး အလှူငွေများပေးအပ် လှူဒါန်းရာ ဂုရုကြီးအား ဂေါပကအဖွဲ့က ရွှေတိဂုံစေတီတော်မြတ်ပုံတော်ကို အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်သည်။