MNL ပြိုင်ပွဲတွင် ဇယားထိပ်ပိုင်းမှ ဟံသာဝတီနှင့် ရန်ကုန်ယူနိုက်တက် နိုင်ပွဲပျောက်ဆုံး
ရန်ကုန် ဖေဖော်ဝါရီ ၈
၂၀၂၄-၂၀၂၅ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၁၉) ဒုတိယနေ့ကို ယနေ့တွင် ဆက်လက်ကျင်းပရာ ဇယားထိပ်ပိုင်းမှ ဟံသာဝတီယူနိုက်တက်နှင့် ရန်ကုန် ယူနိုက်တက်အသင်းတို့ နိုင်ပွဲပျောက်ဆုံးခဲ့သည်။
သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ဧရာ ဝတီယူနိုက်တက် အသင်းက ဟံသာဝတီ ယူနိုက်တက်အသင်းကို ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဧရာဝတီအသင်းသည် နှစ်ပွဲဆက်အနိုင်ရလဒ်နှင့်အတူ တန်းဆင်း ဇုန်အန္တရာယ်မှ ရုန်းထွက်နိုင်ရန် သေချာ သလောက်ရှိသွားသည်။ ဟံသာဝတီအသင်းသည် ပွဲအစ ၃ မိနစ်မှာပင် ဂိုးသမားပြည့်ဖြိုး
အောင် အထုတ်ခံရသဖြင့် တစ်ယောက်လျော့သွားပြီး ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဟံသာဝတီအသင်းသည် နှစ်ပွဲဆက် အရေး နိမ့်ခဲ့ခြင်းဖြစ်ပြီး ထိပ်ဆုံးသုံးသင်း စာရင်းဝင်ရန် လက်ကျန်သုံးပွဲတွင် ရုန်းကန်ရတော့မည်ဖြစ်သည်။
နှစ်သင်းစလုံး အမာခံကစားသမား အများစုဖြင့် ပွဲထွက်လာပြီး ဟံသာဝတီအသင်းသည် တစ်ယောက်လျော့ဖြင့် ကစားရသဖြင့် ခြေစွမ်းမကွာသည့်ပွဲတွင် ရုန်းကန်ခဲ့ရသည်။ ဟံသာဝတီအသင်းသည် ဂိုးပြန်ရနိုင်သည့် အခွင့်အရေးများ ရခဲ့သော်လည်း အသုံးမချနိုင်ခဲ့သဖြင့် နစ်နာခဲ့ရသည်။ ဧရာဝတီအသင်းအတွက် အနိုင်ဂိုးများကို ၁၀ မိနစ်တွင် ညီညီအောင်နှင့် ၅၁ မိနစ်တွင် ရာဇာအောင်တို့က သွင်းယူခဲ့သည်။ ယခုပွဲအတွက် အကောင်းဆုံးဆုကို ဧရာဝတီတိုက်စစ်မှူး ရာဇာအောင်က ရရှိသည်။ ယခုပွဲအပြီးတွင် ဟံသာဝတီယူနိုက်တက် အသင်းက ၁၉ ပွဲကစား ရမှတ် ၄၀၊ ဧရာဝတီယူနိုက်တက်အသင်းက ၁၉ ပွဲကစား ၁၇ မှတ်ရရှိထားသည်။
YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်း တစ်ဂိုးစီသရေကျခဲ့သည်။ ပထမပိုင်းပြီးခါနီးတွင် ညဏ်လင်းထက်၏ သွင်းဂိုးဖြင့် ရန်ကုန်ယူနိုက်တက်အသင်း ဦးဆောင်ဂိုးစတင်ရရှိခဲ့သော်လည်း ၆၄ မိနစ်တွင် အာကာက ရတနာပုံအသင်းအတွက် ချေပဂိုးပြန်သွင်းသဖြင့် တစ်ဂိုးစီသရေကျခဲ့ခြင်းဖြစ်သည်။ ယခုပွဲအတွက် အကောင်း ဆုံးဆုကို ရန်ကုန်ယူနိုက်တက်ဂိုးသမား ဆန်းဆက်နိုင်က ရရှိသည်။ ယခုပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက် အသင်းက ၁၉ ပွဲကစား ၄၂ မှတ်၊ ရတနာပုံအသင်းက ၁၉ ပွဲကစား ၂၆ မှတ် ရရှိထားသည်။
ဖေဖော်ဝါရီလ ၇ ရက်ကကျင်းပသည့် ပွဲစဉ် (၁၉) ပထမနေ့တွင် မြဝတီအသင်းက Dagon Port အသင်းကို ၄ ဂိုး - ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။
ပွဲစဉ် (၁၉) တတိယနေ့ကို ဖေဖော်ဝါရီလ ၉ ရက်(ယနေ့) သုဝဏ္ဏကွင်း၌ ဆက်လက် ကျင်းပမည်ဖြစ်ပြီး သစ္စာအားမာန်အသင်းနှင့် ရခိုင်ယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။