
တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ
ယမန်နေ့မှအဆက်
ကျွန်ုပ်၌ အကျင့်ဆိုးတစ်ခုရှိပေသည်ကား အင်္ဂလိပ်စာ ပညာနှင့်ပတ်သက်လာလျှင် လူကြီး၊ လူငယ်မရွေး ကိုယ်က မှန်သည့်အတိုင်း အနိုင်ရအောင် အစအဆုံးဖိ၍ ငြင်းချင်တတ်၏။ ဥပမာ-တစ်နေ့သ၌ ဟက်ကလတ်စာရေးကြီး၊ ရှေ့ဖတ်စာရေးကြီးနှင့် တခြားစာရေးများသည် အင်္ဂလိပ်စကားတစ်လုံး၏ အသုံးအနှုန်းနှင့်ပတ်သက်၍ အငြင်းအခုံဖြစ်ကြရာ ဟက်ကလတ်စာရေးကြီးက တစ်ဖက်၊ ကျွန်ုပ်ကား တစ်ဖက် ဖြစ်နေကြ၍ စာရေးကလေးများကမူ မျက်နှာကြီးသော ဟက်ကလတ်ဘက်မှ လိုက်ကာ နားမလည် ပါးမလည်နှင့် ထောက်ခံကြ၏။ ကျွန်ုပ်သည် ကံအားလျော်စွာ နံနက်ပိုင်းကပင် ဖတ်ထား သည့် အင်္ဂလိပ်ဝတ္ထုစာအုပ်ကိုလှန်၍ ယင်းစာလုံးကို ထောက်ပြရာ အားလုံးရှုံး၍ တိတ်ဆိတ်သွားကြ၏။
ဤတွင် ကျွန်ုပ်ကား အနိုင်ရပါ၏။ သို့ရာတွင် ဟက်ကလတ်နှင့်တကွ စာရေးအားလုံးတို့၏ မျက်မုန်းကျိုးခြင်း ခံလိုက်ရပါတော့သည်။
ဤနောက်ပိုင်း၌ နက္ခတ်ဆရာကြီး ဦးဝေဠုက 'တစ်ဖက်က မြှောက်စားလျှင် တစ်ဖက်ကဖိနှိပ်ခြင်း ခံရတတ်သည့် ဇာတာရှင်ဖြစ်သည်'ဟု ဟောဖူးရာ မှန်ပါပေသည်ဟု ဝန်ခံရပေသည်။
(ဤအကြောင်းကို မှတ်တမ်းအဆုံးတွင်မှ အကျယ် တဝင့် ဖော်ပြပါဦးမည်။)
မျက်နှာပွင့်လန်းခြင်း
ရွှေဘိုမြို့တွင် ကျွန်ုပ်၏ဘထွေး(စက်ပိုင်) တစ်ယောက်၏နေအိမ်၌ တည်းခိုရသဖြင့် မျက်နှာပွင့်လန်းပါပေသည်။ စက်ပိုင်၏ အစ်ကိုကြီးမှာလည်း မြေစာရင်း အင်စပိတ်တော်ဖြစ်၍ ကျွန်ုပ်၏ ပွင့်လန်းမှုတွင် အဖြည့်အစွက်ဖြစ်စေ၏။ ၎င်းတို့ ညီအစ်ကိုက ကျွန်ုပ်အား...
"ငါ့တူ ကောင်းကောင်းမွန်မွန်သာ နေထိုင်ပါ။ ရွှေဘိုမြို့မှာ မင်းကြိုက်တဲ့ မိန်းကလေးကိုပြပါ။ ငါတို့ ရအောင် တောင်းပေးမည်"ဟု ပြောပြကြပါပေသည်။ အင်စပိတ်တော်ကမူ ကျွန်ုပ်အား သမီးချောရှိသော လူကုံထံများ၏အိမ်သို့ ခေါ်သွား၍ မိတ်ဆက်ပေးသေး၏။ သူ၏ရည်ရွယ်ချက်မှာ သမီးများကို မြင်စေလို၍ဖြစ်၏။ တစ်နေ့သ၌ ဘထွေးက ကျွန်ုပ်အား 'ဘယ့်နှယ်လဲဟေ့'ဟု ပြုံးလျက်မေးရာ ကျွန်ုပ်၏ စိတ်ထဲ၌ကား စံဒေဝီကလွဲလျှင် ဖွဲနှင့်ဆန်ကွဲဟု သဘောထားလျက်ရှိသောကြောင့် ပြုံး၍သာနေလိုက်ပါတော့သည်။
ကျွန်ုပ်၏ အိပ်မက်
တစ်နေ့သ၌ အပျိုကြီးထံမှ စာတစ်စောင်ရရှိလေရာ ယင်းစာ၌ စံဒေဝီသည် ငွေ ၅ဝဝဝ ကျပ်ကိုလည်း မမက်ပါ။ လူကိုလည်း မလိုချင်ဟုဆိုကာ ငိုယိုသည့်အတွက်ကြောင့် အမေကြီးက လက်လျှော့လိုက်ရကြောင်း ပါရှိလေသည်။ ကျွန်ုပ်သည် အမေကြီး၏ လုပ်ပုံကြောင့် စံဒေဝီနှင့်ပတ်သက်၍ ရှက်လည်းရှက်၊ ဒေါလည်းဖောင်းသည်နှင့် သူ့အကြောင်းကို မေ့ပျောက်ရန် ကြိုးစားလျက်ရှိစဉ် (အောင်မြင်ခြင်းတော့မရှိပါ။) အပျိုကြီး၏စာကို လက်ခံရရှိသည်တွင် ဖိနှိပ်ထားသည့် ဘူးညွန့်ကို လွှတ်ပေးလိုက်ခြင်းကဲ့သို့ ချစ်စိတ်သည် နေ့ချင်းညချင်း ကြီးထွားလာတော့၏။ အပျိုကြီး၏စာတွင် စံဒေဝီက ကျွန်ုပ်အပေါ်၌ မည်ကဲ့သို့ စိတ်ထားသည်ကို အကျယ်တဝင့် ဖော်ပြခြင်းမရှိဘဲ ကျွန်ုပ်က ဆက်လိုလျှင် အသင့်ရှိလိမ့်မည်ဟူသော အပျိုကြီး၏ တင်ပြချက်မျှသာပါရှိလေသည်။ ကျွန်ုပ်သည် စံဒေဝီကို လိုချင်လိုက်သည်မှာ သေလုမတတ်ဖြစ်နေ၏။ သို့ရာတွင် ဤကိစ္စမျိုး၌ အလွန်ရှက်တတ်သည့်အထဲတွင် တစ်ကြိမ်လည်း အရှက်ကွဲခဲ့ရပြီဖြစ်သောကြောင့် ချီတုံချတုံဖြစ်ကာ မဆုံးဖြတ်နိုင်ဘဲဖြစ်နေ၏။ ထိုည၌ အိပ်မက်ထဲတွင် အမေကြီးသည် ငိုယိုလျက်ရှိသော စံဒေဝီအား မိခင်၏စကားကို နားမထောင်ရကောင်းလောဟု ကြိမ်းမောင်းလျက်ရှိခြင်းကို မြင်ရသည်။ အိပ်ရာမှ လန့်နိုးရာတွင် ကျွန်ုပ်သည် ပြန်၍မအိပ်တော့ဘဲ ချက်ချင်းထ၍ စာတစ်စောင်ရေးလေ၏။
အမေကြီးထံသို့ပေးစာ
ယင်းစာမှာ အမေကြီးထံသို့ပေးရန် ဖြစ်လေရာ အဓိပ္ပာယ်မှာ စံဒေဝီအား ချစ်ကြိုက်လာခဲ့သည်မှာ သုံးနှစ်ကျော်မျှရှိခဲ့ပြီဖြစ်ကြောင်း၊ စံဒေဝီက မေတ္တာတုံ့ပြန်သည်ဟု ထင်မိခဲ့သော်လည်း စုံစမ်းခွင့်မရခဲ့သောကြောင့် ယနေ့တိုင် အတိအကျမသိရကြောင်း၊ အရွယ်လည်းငယ်ကြသေးသဖြင့် ကျောင်းမှထွက်လာပြီးနောက် အလုပ်အကိုင်တစ်ခုခု နေသားတကျရရှိသောအခါမှ လူငယ်ချင်းတွေ့ခွင့်မရခဲ့လျှင် လူကြီးချင်းစေ့စပ်ယူဖို့ ကြံရွယ်ထားခဲ့ကြောင်း၊ ပတ္တမြားစေတီပွဲတော်မှအပြန်တွင် အပျိုကြီးကိုလွှတ်၍ ပြောခိုင်းသည့်အတွက် ဖခင်ကို ကတိုက်ကရိုက် စေလွှတ်ရခြင်းဖြစ်ကြောင်း၊ ထို့နောက် အမေကြီး ညာခြင်းကြောင့် အရှက်ကွဲရခြင်းကို အကျယ်တဝင့် မရေးသားလိုတော့ပါကြောင်း၊ သို့သော် စံဒေဝီအပေါ်၌ ထားရှိသောမေတ္တာမှာ သူတစ်ပါးတို့၏ မေတ္တာနှင့်တူမည်မထင်။ အလွန်ဖြူစင်သော မေတ္တာမျိုးဖြစ်သည့်အလျောက် မေတ္တာကို စံဒေဝီက တုံ့ပြန်သည်ဖြစ်စေ၊ မတုံ့ပြန်သည်ဖြစ်စေ (ကျွန်ုပ်ကို ပေယျာလကန်ထားပြီး) စံဒေဝီက မကြည်ဖြူသော လူတစ်ယောက်ယောက်နှင့် ဇွတ်အဓမ္မနားချသည့်အလုပ်မျိုးကိုတော့ တောင်းပန်လိုကြောင်း၊ မိမိကိုယ်တိုင် မည်သူနှင့် အကြောင်းပါသည်ဖြစ်စေ၊ စံဒေဝီအဖို့မှာ သူကိုယ်တိုင်မနှစ်မြို့သည့်ယောက်ျားမျိုးနှင့် ပေးစားခံရခြင်းအားဖြင့် စိတ်ဆင်းရဲရသည်ဆိုလျှင် မိမိမှာလည်း တစ်သက်ပတ်လုံး စိတ်ချမ်းသာနိုင်ဖို့ရှိတော့မည်မဟုတ်ကြောင်း၊ နောက်ဆုံးတောင်းပန်လိုသည်မှာ လူပျိုပေါက်ကလေးမျှသာရှိသေး၍ အညွန့်တလူလူဆိုလောက်သူ တစ်ယောက်အား အရှက်ကွဲအောင်ပြုခဲ့ရာတွင် ခံရသူကိုယ်တိုင်က ကိုယ့်အတွက် အရေးဆိုခြင်းမဟုတ်ဘဲ သမီးအတွက် သက်သက်တောင်းပန်ခြင်းဖြစ်သောကြောင့် လိုက်နာနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ စံဒေဝီကို နှုတ်ဆက်လိုက်ချင်သော်လည်း အခွင့်အရေးမရှိသောကြောင့် အမေကြီးကိုသာ နှုတ်ဆက်လိုက်ပါကြောင်း စသည်ဖြင့် ပါရှိလေသည်။
ချစ်စရာကောင်းသောဖခင်
စာထည့်လိုက်ပြီးနောက် ရက်သတ္တပတ်ခန့်တွင် ဖခင်ရောက်လာလေ၏။ မျက်နှာမှာ အလွန်ရွှင်ပျသည်။ ဖခင်သည် ကျွန်ုပ်အား အပြင်သို့ခေါ်သွား၍ လမ်းလျှောက်ရင်း အောက်ပါအဖြစ်အပျက်ကို ပြောပြလေသည်။ စံဒေဝီ၏ မိခင်ထံမှ ဝက်လက်ရှိ မိခင်၊ ဖခင်တို့ထံသို့ လူတစ်ယောက် လွှတ်လိုက်ကြောင်း၊ ကျွန်ုပ်အား ရန်ကုန်ကောလိပ်ကျောင်းသို့ (မိဘနှစ်ဦးစပ်) ပို့ပေးသည်ဖြစ်စေ၊ သို့တည်းမဟုတ် မိတ္ထီလာမြို့ အရေးပိုင်ရုံးတွင် စံဒေဝီ၏ မောင်ကြီးက အလုပ်တစ်ခုသွင်းပေးသည်ဖြစ်စေ ကျွန်ုပ် ကြိုက်ရာရွေးနိုင်ကြောင်း၊ သဘောတူညီခဲ့လျှင် အလုပ်မှနုတ်ထွက်ခဲ့ရန် မှာထားလိုက်ကြောင်း ပြောပြလေ၏။ ကျွန်ုပ်မှာ အလွန်ဝမ်းသာသည့်အထဲမှပင် အရှက်ရဖူးခြင်းကို သတိရသည်နှင့် ရုတ်တရက် လက်မခံသေးဘဲ မိခင်နှင့် ဖခင်တို့၏ သဘောထားကို စုံစမ်းသေးရာ...
"ငါတို့ကတော့ သဘောကျပါတယ်ကွယ်"
"အမေကရော"
"သူကတောင် ပိုပြီးချစ်နေနှင့်သေးတယ် မောင်ရေ့"
"ဟိုတုန်းကအတွက် မရှက်ကြဘူးလား အဖေတို့"
"ဘာဖြစ်သလဲကွဲ့။ အမေကြီးကလွဲပေမယ့် သမီးက ဟိုလူကို ငြင်းဖော်ရလျှင် တော်ရောပေါ့"
ကျွန်ုပ်သည် ကျွန်ုပ်၏ဖခင်အား လူလားမြောက်သောနေ့မှစ၍ နမ်းချင်သောစိတ်မျိုး တစ်ကြိမ်တစ်ခါမျှ ဖြစ်ခဲ့ဖူးသည်မရှိ။ ဤတစ်ကြိမ်မှာမူ ဖက်၍နမ်းလိုက်ချင်သည်။ မြန်မာ့ထုံးစံမဟုတ်သောကြောင့်သာ အောင့်၍ ထားလိုက်ရ၏။ (မိခင်သည် စံဒေဝီ
အပေါ်၌ သံယောဇဉ်တွယ်ရှာခြင်းကို နောင်တွင်မှ တိုး၍သိရသည်။)
ကျွန်ုပ်၏ ညံ့ဖျင်းမှု
ကျွန်ုပ်သည် အရေးပိုင်ရုံးမှ နုတ်ထွက်၍ ဖခင်နှင့်အတူ ဝက်လက်သို့ လိုက်ပါသွားပြီးလျှင် ဤတစ်ခေါက်တွင် ကျွန်ုပ်နှင့် မိခင်တို့ မန္တလေးသို့သွားကြ၏။ ကျွန်ုပ်၏နှမလည်းပါသည်။ ဘထွေး၏ အိမ်သို့ ရောက်ကြသောအခါ ထိုညတွင် မိခင်နှင့် နှမတို့သည် စံဒေဝီအိမ်သို့ သွားကြဖို့ အစီအစဉ်ရှိ၏။ အချိန်တန်သောအခါ သားအမိနှစ်ယောက်တို့သည် ထိုအိမ်သို့သွားကြရာ ကျွန်ုပ်မှာ သေချာပေါက်ကိစ္စဖြစ်သောကြောင့် တုန်လှုပ်ခြင်းမရှိလှသော်လည်း အနည်းငယ် ယောက်ယက်ခတ်လျက်ရှိ၏။
ဆက်လက်ဖော်ပြပါမည်။