လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ပုစွန်ပိဿာ ၇၀၀၀၀ ကျော် တင်ပို့ရောင်းချနိုင်ခဲ့
လပွတ္တာ ဖေဖော်ဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလ အတွင်း ပုစွန်ပိဿာ ၇၀၀၀၀ ကျော် တင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ ဒေါ်အိအိဖြိုး၏ ပြောကြားချက်အရ သိရသည်။
လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ပုစွန် ပိဿာ ၅၅၀၀၀ အထိသာ တင်ပို့ရောင်းချ နိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၃၁ ရက်အထိ ပုစွန်ပိဿာ ၇၃၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသ မှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူများသည် ဒေသထွက် ပုစွန်များကို စနစ်တကျသန့်စင်ပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခြင်း ဖြစ်သည်။
"ပြီးခဲ့တဲ့တစ်လအတွင်း ပုစွန်ပိဿာ ၇၃၀၀၀ အထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဈေးကွက်က ဝယ်လိုအားကောင်း နေတာကြောင့် တင်ပို့အားကောင်းခဲ့တာ ပါ။ တစ်လအတွင်း ပုစွန်အပါအဝင် ရေထွက်ကုန်တွေ ရန်ကုန်ဈေးကွက် ကို ကုန်ချိန်များများ တင်ပို့ရောင်းချခဲ့ရတာကြောင့် ရေထွက်ကုန်ပစ္စည်းရောင်း ဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေ အလုပ်အကိုင်အခွင့်အလမ်း ကောင်းလာပါတယ်'' ဟု ဒေါ်အိအိဖြိုးကပြောသည်။
လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ပုစွန်များတွင် ပုစွန်ဘော့ချိတ်၊ ပုစွန်ဆိတ်သေး၊ ပုစွန်ဆိတ်ကြီး၊ ပုစွန်တုပ်ကြီး စသည်ဖြင့် အရွယ်အစားပေါ်မူတည်ပြီး ဈေးနှုန်း အသီးသီးရှိကြောင်း သိရသည်။
မွေးမြူရေးနှင့်ပတ်သက်၍ ပြည်သူ လူထု၏ နေ့စဉ် အသား၊ ငါးနှင့် ဥအမျိုးမျိုး လိုအပ်ချက်ကို ဖူလုံပြည့်မီအောင် ထုတ်လုပ်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းကို ခေတ်မီနည်း စနစ်များဖြင့် ဆောင်ရွက်ခြင်းမှတစ်ဆင့် တခြားကုန်ထုတ်လုပ်မှု လုပ်ငန်းများကို လည်း ပိုမိုတိုးတက်အောင်မြှင့်တင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။