ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ငရုတ်ဧက ၆၈၀ ခူးဆွတ်ပြီးစီးပြီဖြစ်
ပွင့်ဖြူ ဖေဖော်ဝါရီ ၉
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ငရုတ်ဧက ၆၈၀ ခူးဆွတ်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီက ငရုတ် ၁၃၇၃ ဧက စိုက်ပျိုးရန် လျာထားပြီး ၉၉၂ ဧက စိုက်ပျိုးနိုင်ခဲ့သည်။ အဆိုပါငရုတ်စိုက်ခင်းများကို ဒေသခံတောင်သူများက ၂၀၂၄ ခုနှစ်ဒီဇင်ဘာလမှ စတင်ခူးဆွတ်ခဲ့ရာ လက်ရှိအချိန်ထိ ဧက ၆၈၀ ခူးဆွတ်ပြီးစီးပြီဖြစ်သည်။
“ပွင့်ဖြူမြို့နယ်မှာ စိုက်ပျိုးရေ အဆင်ပြေတဲ့အတွက် ငရုတ်စိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းခဲ့ပါတယ်။ ငရုတ်က စိုက်ပျိုးပြီး နှစ်လခွဲလောက်ဆိုရင် စတင်ခူးဆွတ်ရပါတယ်။ ဒေသခံတောင်သူတွေက ငရုတ်စိုက်ခင်းတွေကို ၂၀၂၄ ခုနှစ်ဒီဇင်ဘာလကစပြီး ခူးဆွတ်တာ လက်ရှိအချိန်ထိ ဧက ၆၈၀ ခူးဆွတ်ပြီးစီးပြီဖြစ်ပါတယ်။ တစ်ဧကအထွက်နှုန်းအနေနဲ့လည်း ကောင်းမွန်မှုရှိပါတယ်”ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေကပြောသည်။
ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသတွင်းရှိ ငရုတ်စိုက်တောင်သူများကို သီးနှံဝင်ငွေတိုးပွားစေရန်နှင့် စားရေရိက္ခာ ဖူလုံစေရန် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသော ငရုတ်မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်နှင့် စိုက်ပင်အရေအတွက် ပြည့်မီအောင်စိုက်ပျိုးနိုင်ရေး၊ ထွက်ရှိလာသောငရုတ်များ အစားအစာဘေးကင်း လုံခြုံမှုရှိစေရေးအတွက် သဘာဝမြေဩဇာနှင့် သဘာဝစိုက်ပျိုးရေး သွင်းအားစုများ ကိုယ်တိုင်ထုတ်လုပ် သုံးစွဲနိုင်ရေး စသည့်စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သဖြင့် ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ ပြီးခဲ့သည့်နှစ်ကထက် အထွက်နှုန်းကောင်းမွန်ခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရက စိုက်ပျိုးထုတ်လုပ်သူများအား လိုအပ်ချက်မရှိအောင် ကူညီဆောင် ရွက်ပေးလျက်ရှိရာ မိမိတို့လုပ်ငန်းများ ပိုမိုအောင်မြင်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း သိရသည်။