တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ
ယမန်နေ့မှအဆက်
၁၅ မိနစ်ခန့်ကြာလတ်သော် ကျွန်ုပ်မှာ ငြိမ်သက်စွာ စောင့်မျှော်မနေနိုင်သဖြင့် စံဒေဝီတို့၏အိမ်ရှေ့မှ လမ်းလျှောက်သွား ရာ ကျွန်ုပ်၏နှမနှင့် စံဒေဝီသည် အိမ်ရှေ့ ဝင်းထဲ၌ ခုံရှည်တစ်ခုပေါ်တွင် လမ်းဘက် သို့မျက်နှာလှည့်ကာ ယှဉ်ထိုင်လျက်ရှိ သည်ကို မြင်ရ၏။ လဆန်း ၁၂ ရက် လမင်း သည်လည်း စံဒေဝီနှင့် နှမကလေးတို့၏ မျက်နှာပေါ်သို့ ထင်းထင်းကြီးသာလျက် ရှိရာ ကျွန်ုပ်အား ပြုံးလျက်ကြည့်နေကြ သော သူတို့၏မျက်နှာများကို ထင်ရှားစွာ မြင်ရ၏။ မိခင်နှစ်ဦးတို့ကား အပေါ်ထပ် တွင် ကျွန်ုပ်အကြောင်းကို ပြောလျက်ရှိ ကြမည်ဟု ကျွန်ုပ်သိနိုင်၏။
အိမ်ကိုကျော်လွန်၍ တစ်ပြခန့်လမ်း လျှောက်လာခဲ့ရာတွင် အကြံတစ်ခုပေါ် လာ၏။ ကျွန်ုပ်သည် စံဒေဝီ၏နှုတ်မှ အဖြေရအောင်မေးလိုသောဆန္ဒကို သတိ ရ၍ ဤအချိန်သည် အလွန်အခွင့်သာသော အချိန်ကောင်းပေတည်းဟု ဆုံးဖြတ်ကာ လှည့်လာခဲ့၏။ လမ်းခရီး၌ ရှက်ရွံ့တတ် သောဝါသနာအလျောက် စိတ်ကူးတစ်ခု ပေါ်လာပြန်သည်မှာ စံဒေဝီနှင့် နှမကလေး ထိုင်သောခုံရှည်သို့ဝင်၍ ထိုင်ရလျှင် နှမကို ရှက်ဖို့ကောင်းသည်။ သူက အလိုက်သိစွာ ရှောင်ဖယ်ပေးလျှင် တော်ပါ၏။ နှမအား ဖယ်ပေးဖို့ ကိုယ်တိုင်ပြောရလျှင် ရှက်စရာ ကြီးဖြစ်လိမ့်မည်။ သို့သော် မတတ်နိုင်။ နှမကို ရှက်မနေနိုင်တော့ဟု စိတ်တင်းကာ ဆက်လက်လျှောက်လာခဲ့ရာ အနီးသို့ ရောက်ပြန်တော့လည်း နှမကို ရှက်ခြင်း၊ စံဒေဝီကို ရွံ့ခြင်းတို့ နှစ်ခုပေါင်းပြီး ကြောက်ဒူးတုန်လာသည်နှင့် ဝင်းထဲသို့ မဝင်ဘဲ ကျော်လွန်လျှောက်သွားလေ၏။ အတန်ကျော်လွန်ပြီးနောက် ပြန်လှည့် လာကာ ချိုးဝင်မည်ပြုပြန်တော့လည်း ယခင်အတိုင်းပင် တွန့်နေပြန်သည်နှင့် ဆက်လက်၍ လျှောက်သွားရပြန်၏။
ဤနည်းအတိုင်း သုံးခေါက်တိတိ ကျော် ချည်ပြန်ချည်လုပ်နေရာတွင် ဒူးတုန်နေ ခြင်းမှာ သက်သာရာမရဘဲ တိုး၍သာတုန် လာ၏။ တတိယခေါက်၌မူ ကိုယ့်ကိုယ် ကိုယ်ဆင်ခြေပေး၍ အကြောင်းရှာသည့် အနေဖြင့် အိမ်ပေါ်မှ မိခင်နှစ်ဦး ဆင်းလာ ခြင်းကိုပင် တောင့်တသကဲ့သို့ ဖြစ်နေ၏။ (ယခုရေးသောအခြင်းအရာများသည် တကယ့်ဟာမဟုတ်ဘဲ ဝတ္ထုရေးခြင်းဖြစ် ခဲ့လျှင် သဘာဝကျအောင် မရေးတတ် သော ဝတ္ထုရေးသမားတစ်ယောက်ဟူ၍ ပင် ကျွန်ုပ်အား စွပ်စွဲကောင်းစွပ်စွဲကြ ပေလိမ့်မည်။ ဘာ့ကြောင့် ဤမျှလောက် စံဒေဝီကို ကျွန်ုပ်ရွံ့ရသည် မပြောတတ် ချေ။ ကျွန်ုပ်ဘက်၌ အားလုံးရှိ၍ ရွံ့စရာ ဘာမျှမရှိကြောင်းသိလျက်နှင့် ဒူးတုန်ရ သည်မှာ "ငတ်" ချင်၍ ဖြစ်ရမည်ဟု နောင် တွင် ကျွန်ုပ် ရေရွတ်မိဖူးသည်။) နောက်ဆုံး ခေါက်၌ နှမကလေးက မောင်ကြီးလားဟု လှမ်း၍မေးကာ အားပေးလိုက်သောအခါမှ ဝင်းထဲသို့ ချိုးဝင်မည်ပြုရာတွင် မိခင်နှစ်ဦးကို လှေကားမှ ဆင်းတော့မည်ပြုခြင်းကို မြင်သည်နှင့် လှည့်ထွက်လာရပါ တော့သည်။ သို့နှင့် စံဒေဝီအား "ဦးတိုက်" မေးဖို့ ပထမဦးဆုံးနှင့် နောက်ဆုံးအကြိမ် ရရှိသောအခွင့်အရေးမှာ လက်လွတ်သွား ခဲ့ရပါလေပြီ။ နောက်ကာလများ၌ "မရဲသောလူတို့သည် မိန်းမချောကို ဘယ်တော့မှ မရနိုင်" ဟူသော အင်္ဂလိပ်စကားပုံ ကို ကျွန်ုပ် မကြာခဏသတိရမိပါတော့သည်။
ဇာတာတိုက်ခြင်း
ကျွန်ုပ်သည် အိမ်သို့ ဦးအောင်ပြန်ပြေး၍ မိခင်နှင့်နှမပြန်လာမည်ကို စောင့်လျက် ရှိရာ ကျွန်ုပ်ထက်ငယ်ရွယ်သည့် မိန်းမသား ကလေးဖြစ်သောနှမက ကျွန်ုပ်အားကြည့် ၍ရယ်သည်တွင် ကျွန်ုပ်မှာ တစ်မျိုးရှက် ရပြန်သည်။ ရှက်ရပုံကား မိမိ၏ညံ့ဖျင်း ခြင်းကို အစမှအဆုံးတိုင် မြင်သွားသည် ဟု ကျွန်ုပ်သိရသောကြောင့်ပေတည်း။ မိခင်ပါလာသောသတင်းမှာ စံဒေဝီ၏ အမေကြီးက "ဇာတာတိုက်" လိုပါသည် ဆို၍ ကျွန်ုပ်၏ဇာတာကို ပို့လိုက်ရန် ဖြစ်လေသည်။ ကျွန်ုပ်၏မိဘများသည် ဤအလုပ်မျိုးတွင် အယုံအကြည်မရှိသဖြင့် ကျွန်ုပ်၏ဇာတာပင် ဖွဲ့ထားပြီးမရှိသည်နှင့် အသစ်ဖွဲ့၍ ပို့လိုက်ရသည်။ ဇာတာနှစ် စောင်ကို ငွေဖလားကြီးတွင်ထည့်၍ ပုဏ္ဏား ပညာရှိ ဦးကဝိထံသို့ အမေကြီးကိုယ်တိုင် သွားပြီးတိုက်လေရာ နေရာမကျဟုဟော လိုက်၏။ စံဒေဝီမှာ ဘီလူးနက္ခတ်ဖြစ်၍ ကျွန်ုပ်မှာ လူနက္ခတ်ဖြစ်သည်ဆိုရာ လူနှင့် ဘီလူး မတည့်ဟုဆို၏။ ပေးစားခဲ့လျှင် ဘီလူးက လူကိုစားလိမ့်မည်ဆို၏။ ကျွန်ုပ် မှာ ဤအရာမျိုး၌ မယုံကြည်သည်နှင့် စားချင်စားပါစေ။ ခံစရာရှိလျှင် ခံဖို့အသင့် ရှိပါသည်ဟု စကားပြန်သော်လည်း အမေ ကြီးက သူ့သမီး မုဆိုးမအဖြစ်မခံနိုင်သည့် အနေမျိုးဖြင့် လှည့်ပတ်ကာ စကားပြန် လာသည်။ "ဘုန်းကြီး နှစ်ခါရှက်" ဖြစ်ရပြန် လေပြီ။
ကြံရာမရလေပြီ
ထိုညက ကျွန်ုပ်သည် စံဒေဝီနှင့် နှမ ကလေးရှိသော ခုံရှည်သို့ချဉ်းကပ်၍ စံဒေဝီ ထံမှ စကားတစ်ခွန်းအခိုင်အမာရအောင် တောင်းယူနိုင်ခဲ့ပါမူကား (တောင်းရုံ ကလေးမျှတောင်းဝံ့လျှင် ရလိမ့်မည်ဟူ၍ လည်း ယုံကြည်သည်။) မည်သည့်အခြေ အနေမျိုးနှင့် ရင်ဆိုင်ရသည်ဖြစ်စေ ကျေနပ် စွာရင်ဆိုင်ရဲပါ၏။ စကားတစ်ခွန်းရလိုက် သည်ဆိုကတည်းက ကျွန်ုပ်၏ရွံ့သော စိတ်သည် (ပယောဂဆရာက ခြေချုပ်လွှတ် လိုက်သော စုန်းကဝေကဲ့သို့) ပျောက်ပြယ် သွားပြီး ပြောရဲ၊ ဆိုရဲ၊ ကြံစည်ရဲဖြစ်လာ လိမ့်မည်ထင်ပါသည်။ ယခုသော် စံဒေဝီ အပေါ်၌ ဒေါသဖြစ်လောက်သည့် အခြေခံ ရှာမရသဖြင့် ဒေါသစိတ်၏တင်းမာသော အထောက်အပံ့လည်း မရဘဲရှိရကား ဘာ လုပ်ရမည်မသိ။ အတော်ပျော့ခွေလျက် ရှိ၏။ အမေကြီးပေါ်၌ ဒေါသစိတ်တစ်ချက် တစ်ချက် ပေါ်လာခြင်းမှတစ်ပါး စံဒေဝီ နှင့်ပတ်သက်၍ လက်ဆုပ်လက်ကိုင်ဘာမျှ မရှိခြင်းကြောင့် စိတ်လည်းမဆိုးနိုင်။ ဘာမျှလည်း မကြံတတ်တော့ချေ။ အပျို ကြီးကို ချဉ်းကပ်မည်ကြံသော်လည်း ၎င်း မှာ အမေကြီး၏ "လူ" ဖြစ်သောကြောင့် မိန်းမကြီးနှင့် ဆန့်ကျင်ဘက်အလုပ်မျိုးဖြင့် ကျွန်ုပ်အား အကူအညီပေးလိမ့်မည်မဟုတ် ကြောင်း သိပြီးဖြစ်လေသည်။
ဖိ၍ထောင်းခံရခြင်း
မိခင်တို့ကား ဝက်လက်သို့ ပြန်သွားကြလေပြီ။ မိခင်မှာ ဇာတာတိုက်ခြင်း၏ အဟောကိုပင် ကြားမသွားရှာချေ။ မိဘ များအား ပြောပြရန်မှာ ကျွန်ုပ်၏တာဝန် ဖြစ်နေခဲ့လေပြီ။ မည်ကဲ့သို့ပြောရပါမည် နည်း။ ကျွန်ုပ်၏စိတ်ကို စစ်လိုက်သော် လွဲရခြင်းကြောင့် နှမြောမိခြင်းထက် ရှက် ခြင်းက ပိုလျက်ရှိ၏။ အင်္ဂလန်ပြည်၌ တချို့ လူငယ်များသည် အလိုမကျသောကိစ္စ တစ်ခုဖြစ်ပေါ်သည့်အခါ သင်္ဘောသား အဖြစ်နှင့် လိုက်ပါသွားပြီး တစ်ပြည်တစ် နိုင်ငံသို့ လွင့်ကြသည်ဆိုရာ မြန်မာပြည်၌ ထိုကဲ့သို့လုပ်၍ ဖြစ်နိုင်လျှင် ကောင်းလေစွ ဟု အောက်မေ့မိ၏။ ကျွန်ုပ်သည် အရပ်ထဲ တွင် မျက်နှာမဖော်ဘဲ အိမ်ထဲ၌ကုပ်ကာ အကြံထုတ်လျက်သာနေ၏။ တစ်နေ့သ၌ ဖခင်၏ဆရာတစ်ဆူဟူ၍ ဖော်ပြခဲ့ဖူးသည့် ပုဂ္ဂိုလ်ကြီးထံသို့ချဉ်းကပ်၍ "စိတ်ပြေ လက်ပျောက်" စကားပြောလျက်ရှိစဉ် ထို ပုဂ္ဂိုလ်ကြီးအား ကျွန်ုပ်က စံဒေဝီကြောင်း ကို တစ်စုံတစ်ရာစကားစပ်ဟပ်ခြင်း မရှိပါ ဘဲလျက် ပြောလိုက်ခြင်းမှာ-
"မင်းတို့လက်ထက်က တယ်ခက်တယ် ကွယ့်။ စကားတစ်လုံးကို တန်ဖိုးမထား ကြဘူး။ တောင်လိုလိုမြောက်လိုလို ယီးတီး ယားတားနဲ့ ဟိုအစဆွဲ၊ ဒီအစကိုင်။ နောက် ဆုံးကျတော့ မင်းထက်သာတာမရရင် မင်းနဲ့ပေးစားလိုက်မှာပဲ" ဟု လွှတ်ခနဲ ပြောလိုက်လေ၏။ ကျွန်ုပ်မှာ မျက်နှာများ ထူပူရှိန်းဖိန်းသွား၏။ ကျွန်ုပ်နားလည်ခြင်း ကားတစ်မျိုး၊ သူထင်သည်ကား တစ်မျိုး ဖြစ်နေ၏။ ကျွန်ုပ်က ဇာတာကြောင့် ထင် ရာ သူကမူ အမေကြီး "ဆန္ဒ"အတိုင်း သမီး ကလည်း သဘောတူလိုက်နာလျက်ရှိ သည်ဟုထင်၏။
ဆက်လက်ဖော်ပြပါမည်။