တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ

တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ

ယမန်နေ့မှအဆက်

ဤပုဂ္ဂိုလ်ကြီးကား 'လူပါးကြီး' တစ်ယောက်ဖြစ်၍ သူ့အထင် မှန်ချင်မှန်နိုင်သည်ဟု ကျွန်ုပ် စဉ်းစားမိ၏။ မှန်ခြင်း၊ မှားခြင်း အပထား၍ ဖခင်ကိုယ်၌က လေးစားသော (ဖခင်သည်    အတော်အတန်ပုဂ္ဂိုလ်များကို လေးစားမှုနည်းသူတစ်ဦးဖြစ်သည်။) ဆရာသမားတစ်ဦးတစ်ယောက်က ကျွန်ုပ်အပေါ်၌  အထင်သေးခံရခြင်း (အရူးလုပ်ခံရသည် ထင်ခြင်း) အတွက် ပြောမပြနိုင်အောင် ရှက်လှပါသည်။  ဤပုဂ္ဂိုလ်ကြီး၌ သမီးပျိုများရှိခြင်းအတွက်ကြောင့် သာ၍  ရှက်လှသည်။ ကျွန်ုပ်က ဤကဲ့သို့ မဟုတ်ရပါ။  ဇာတာကြောင့်ဖြစ်ပါသည်ဟု   ဖြေရှင်းပြောပြရန်ပင် အလိုမရှိတော့ဘဲ ပုဂ္ဂိုလ်ကြီးကိုဦးချ၍ နောက်တစ်နေ့တွင် ဝက်လက်သို့ ပြန်သွားပါတော့သည်။

ရွှေဘို၌ အလုပ်ရခြင်း

ဝက်လက်သို့ရောက်သောအခါ မိဘများအား ကျွန်ုပ်၏ဝမ်းတွင်း၌ 'ဗလောင်ဆန်'လျက်ရှိသော အခြင်းအရာကိုဖုံးဖိကာ သင့်လျော်အောင် မျှလောက်သာ ပြောပြပြီးလျှင် ရွှေဘိုမြို့ သစ်တောရုံး၌ လခ ၄ဝ ကျပ်နှင့် စာရေးအလုပ်ကို  အဆင်သင့်ဝင်ရောက်လုပ်ကိုင်ပါတော့သည်။

မန္တလေးမှ ထွက်လာခဲ့သည့်နောက်တွင် ကျွန်ုပ်သည် စံဒေဝီအကြောင်းကိုလည်း မစဉ်းစား။ မည်သူ့အားမျှလည်း စပ်၍ မပြော။ (ကျွန်ုပ်၏ နေရပ်ဟောင်းဖြစ်၍ မိတ်ဆွေဟောင်းများရှိနေကြသည့်) စံဒေဝီ၏အရပ်သို့လည်းမသွားဘဲ   လမ်းဖြတ်လိုက်သည်မှာ ကျွန်ုပ်၏ ပထမ အိမ်ထောင်ကျသည်အထိ ဖြစ်ပါသည်။ စံဒေဝီမှာ ကျွန်ုပ်အိမ်ထောင်ကျ

သောအချိန်၌   အပျိုကြီးအဖြစ်၌ရှိသေး၏။     ကျွန်ုပ်၏မှတ်တမ်းကို ဤနေရာ၌ ခေတ္တကျော်လွှား၍ စံဒေဝီအကြောင်းကို အပြီးတိုင် လက်စသတ်လိုက်ပါဦးမည်။

ဆွေးမိသော အခြင်းအရာတစ်ခု

၁၉၁၉ ခုနှစ် မတ်လတွင် စံဒေဝီမှာ အပျိုကြီးဘဝနှင့်ပင် မန္တလေးမြို့၌ ကွယ်လွန်လေရာ   ထိုအချိန်တွင် ကျွန်ုပ်မှာ ဒုတိယအိမ်ထောင်နှင့် သူရိယတိုက်တွင် မဂ္ဂဇင်းအယ်ဒီတာအလုပ်၌ ရှိနေခဲ့လေသည်။ ကွယ်လွန်ကြောင်းကို ဖခင်ထံမှစာရသောအခါ တကယ်ချစ်ကြိုက်ခဲ့မိသည့် မိန်းကလေးတစ်ယောက်ဖြစ်သည်နှင့်အညီ    စိတ်၌ တော်တော်ကြီး ထိခိုက်ပါသည်။    အမှန်မှာ   အိမ်ထောင်မကျဘဲ    အပျိုကြီးဘဝနှင့် ကွယ်လွန်ခြင်းဖြစ်၍ နှမြောဝမ်းနည်းသောစိတ်ကို လက်ခံမိခြင်းဖြစ်ပါ၏။    အိမ်ထောင်မပြုသော    'ငယ်ချစ်' အတွက်   လွမ်းဆွတ်ခြင်းမှာ ('တစ်ဘီးလိမ့်' ပင် ဖြစ်စေဦးတော့)  လွမ်းစကောင်းသည်ဟု ကျွန်ုပ် နားလည်ပါသည်။ စံဒေဝီသည် ကျွန်ုပ်အပေါ်၌  မေတ္တာတုံ့ပြန်ဖူးခြင်း ရှိ၊ မရှိသိရမည့်အခွင့်အရေးမှာ  တစ်ခါတည်း 'ဘုတ်ပိတ်' သွားလေပြီတကားဟု မှတ်ချက်ချလိုက်၏။ သို့ရာတွင် ဤသို့ကားမဟုတ်သေးဘဲ နောက်ဆက်တွဲသတင်းတစ်ခု ပေါ်လာရပြန်ပါသေးသည်။

ဖြစ်ကြောင်းငယ်မှ ကုန်စင်

၁၉၂ဝ ပြည့်နှစ်၌ ကျွန်ုပ်သည် သူရိယတိုက်မှ ထွက်ခဲ့ရ၍ တတိယအကြိမ် အိမ်ထောင်ပြုပြန်ရာ  (ယခုလက်ရှိအိမ်ထောင်ပင်ဖြစ်သည်။) ကျွန်ုပ်တို့လင်မယားသည်   ဇနီး၏ဌာနီဖြစ်သော မြတောင်ရွာမှ မိဘ

များရှိသော မန်ကျည်းတုံရွာသို့ ရောက်လာကြ၏။ ကျွန်ုပ်၏မိခင်သည် တတိယဇနီးကို မြင်လျှင်မြင်ချင်း ကျေနပ်သည့်လက္ခဏာရှိပေရာ ဇနီးကလည်း မိခင်အား ကြင်နာပုံရ၍ တစ်ဖက်နှင့်တစ်ဖက် ရေစက်ပါကြဟန်ရှိသည်ဟု ကျွန်ုပ် အကဲခတ်မိ၏။ တစ်နေ့သ၌ ဇနီးသည် မိခင်အား ကြင်နာသောအမူအရာနှင့် ပွေ့ချီလိုက်ခြင်းကို မိခင်သည် နှစ်သက်ပုံရ၏။ ထို့နောက် ဇနီးမရှိခိုက်တွင်  မိခင်က "မစိုးကို တွေ့ရတာ မင်းခေါ်တဲ့ စံဒေဝီကို အလွမ်းပြေလိုက်တာကွယ်" ဟု ပြော၏။

"ဘာကြောင့်လဲ အမေ"

"သူတို့နှစ်ယောက် ရုပ်ချင်းနည်းနည်းဆင်တယ်ကွယ့်"

"ရုပ်ချင်းဆင်တာကတော့ ထားပါတော့။ စံဒေဝီကို အလွမ်းပြေတယ်

ဆိုတော့ အမေက လွမ်းနေလို့လား"

"လွမ်းမိတာပေါ့ကွယ်။ ဒါထက် မင်းကို ငါ မပြောဘဲ ဝှက်ထားခဲ့တဲ့ စကားတစ်ခုရှိတယ်ဟေ့။  ခုမှ ပြောတော့မယ်"

"စံဒေဝီအကြောင်းလား အမေ"

"အေး ... ဟုတ်တယ်။  ဟို လွန်ခဲ့တဲ့ရှစ်နှစ်လောက်တုန်းက မင်း ငှက်ဖျား ဖျားပါလေကော"

"ပထမအိမ်ထောင် မလှမှူးနဲ့တုန်းကလား အမေ"

"ဟုတ်တယ်လေ။   ဒီတုန်းက   မင်းတို့က  မင်္ဂလာဈေးနားမှာ နေကြတယ်မဟုတ်လား။ ငါက ဝက်လက်က မန္တလေးကို လာခိုက်မှာ

မင့် စံဒေဝီက ငါ့တည်းခိုအိမ်ကိုလာပြီး ငိုရှာတယ်ကွဲ့" (တည်းအိမ်မှာနှမ၏ အိမ်ဖြစ်သည်)

"ဘာတွေများ ပြောသွားသေးသလဲအမေ"

"ဟိုတုန်းက မင်းဖျားတာကို သူကြားပါတယ်တဲ့။ ဆေးရုံကိုတောင် လာကြည့်ဖို့စိတ်ကူးပါတယ်တဲ့။ အဖော်ရှာမရလို့ မသွားဖြစ်ဘူးတဲ့"

"သည့်ပြင်ကော ဘာများပြောသေးသလဲ အမေ"

"သူကလည်း မင်းအတိုင်းပဲ။ ရှက်တတ်တယ်။ ဘာမှတော့ မပြောဘူး။  မျက်ရည်တောက်တောက်ကျတာပဲ။ မင့်နှမကိုတော့ ဖက်သွားရှာသေးတယ်"

"ဒီအကြောင်းတွေကို    ဘာ့ကြောင့်   ကျွန်တော့်ကို  မပြောတာလဲ

အမေ"

"ငါကတော့ ပြောချင်ပါရဲ့။ သူမသေခင်က ပြောလိုက်လျှင် မင်းက ကိုးရိုးကားရားလုပ်ကုန်မှာ မြင်လို့ မပြောဘဲ ဖုံးထားခဲ့တာပဲ"

"ဖြစ်ချင်ရာဖြစ်ပေါ့ အမေရယ်"

"ငါလည်း ကြိုက်တာပဲ။ ဒါပေမဲ့ မလှမှူးကရှိသေးတာကိုး သားရယ်။ မင်းက လွတ်လွတ်လပ်လပ်ဆိုလျှင် ဟုတ်သားပေါ့"

ရှင်းလင်းချက်

အထက်ပါအခြင်းအရာများ ဖြစ်ပေါ်လာရပုံမှာ ဤသို့တည်း။ ၁၉၁ဝ ပြည့်နှစ်၌   ကျွန်ုပ် ပထမအိမ်ထောင်ကျ၍  ၁၉၁၂  ခုနှစ်တွင်  ငှက်ဖျားအကြီးအကျယ်ဖျားလေရာ ငှက်ဖျားပျောက်သောအခါတွင် ကျွန်ုပ်၏ စိတ်သည် နောက်တောက်တောက်ဖြစ်၏။ (အကြီးအကျယ်ဖျားနာသူတို့သည်    ရောဂါပျောက်သောအခါတွင်  ထိုကဲ့သို့ဖြစ်သူများလည်း ရှိသည်ဟု   ကျွန်ုပ်ကြားဖူး၏။)  ကျွန်ုပ်စိတ်နောက်ပုံကား ဆိုးဆိုးရွားရွား မဟုတ်။ ဝတ်သစ်စားသစ်များဝတ်၍ လမ်းလျှောက်ခြင်း၊ လေပန်းခြင်း၊ ငါလုပ်လျှင် ဘာမဆိုဖြစ်နိုင်သည်ဟု အထင်ကြီးမိခြင်းတို့ ဖြစ်လေသည်။ သို့ဖြစ်၍ ကျွန်ုပ်သည် အဖျားပျောက်၍ ဆေးရုံမှ ဆင်းလာသောအခါတွင် အဝတ်အစားအမျိုးမျိုးလဲလှယ်၍ ရွှေမျက်မှန်တပ်ကာ တုတ်ကောက်နှင့်   လမ်းလျှောက်၏။  စံဒေဝီတို့အိမ်ရှေ့ကို (သူနှင့်လွဲကတည်းက) ရှောင်ကွင်းလာခဲ့ရာ   ထိုအခါကမူ  စိတ်ဖောက်ပြန်သည့်အလျောက် အရှက်အကြောက် မရှိတော့ဘဲ တွင်တွင်ကြီးလမ်းလျှောက်၍ စံဒေဝီနှင့် တစ်ခါတစ်ရံ မျက်နှာချင်းဆိုင် တွေ့ရသောအခါတွင် ပြုံး၍ ပြခဲ့သေး၏။ ဤအပြုအမူများကို မြင်ရသော စံဒေဝီသည် ကျွန်ုပ်၏ စိတ်ဖောက်ပြန်ခြင်းကို မရိပ်မိသည်နှင့် တစ်ဖန်လာ၍ ပိုးပြန်သည်ထင်သောကြောင့် ငုပ်နေသော  ကြင်နာစိတ်ပြန်ပေါ်ကာ မိခင်ထံသို့ လာခြင်းဖြစ်တန်ရာ

ချေသည်။

တရေးရေးပေါ်မိခြင်း

ကျွန်ုပ်သည် မိခင်၏စကားကို ကြားရသောအခါတွင်မှ စံဒေဝီ၏ သဘောထားနှင့်ပတ်သက်၍      သံသယကင်းရှင်းသည့်အလျောက် အောက်ပါအဖြစ်အပျက်ကလေးများသည် စိတ်ထဲတွင် တရေးရေး ပေါ်လာတော့သည်။                                 

    ဆက်လက်ဖော်ပြပါမည်။