ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ အထူးစည်ကားလျက်ရှိ
နေပြည်တော် ဖေဖော်ဝါရီ ၁၁
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME ထုတ်ကုန်များကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဒုတိယနေ့အဖြစ် ဆက်လက်ပြသ ရောင်းချလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများနှင့် ဒေသခံပြည်သူ အများအပြား လာရောက်လေ့လာကြပြီး အထူးစည်ကားလျက်ရှိသည်။
ထို့ပြင် ပြပွဲသို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များ လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များ၊ တစ်နိုင်တစ်ပိုင် MSME လုပ်ငန်းများ စတင်လုပ်ဆောင်ကြမည့် လုပ်ငန်းရှင်များသည်လည်း စိတ်ဝင်စားစွာဖြင့် လာရောက်လေ့လာကြသည်ကို တွေ့ရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် ထုတ်ကုန်ပြခန်းအလိုက် ရိုးရာယဉ်ကျေးမှုဆိုင်ရာဗဟုသုတများ၊ ဒေသန္တရ ဗဟုသုတများ၊ ဒေသ၏ အထင်ကရနေရာများ၊ ဒေသတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ၊ ဒေသအလိုက် ရိုးရာအစားအစာများနှင့် MSME ထုတ်ကုန်များကို အများပြည်သူ စိတ်ဝင်တစား လေ့လာကြည့်ရှုနိုင်ရန် ခင်းကျင်းပြသရောင်းချလျက်ရှိသည့်အတွက် လေ့လာဝယ်ယူသူများဖြင့် စည်ကားလျက်ရှိပြီး ပြခန်းလာရောက် လေ့လာကြသူများကို ပြခန်းအလိုက် တာဝန်ရှိသူများက သတင်းအချက်အလက်နှင့် နည်းပညာများ၊ ပြည်တွင်း/ပြည်ပဈေးကွက်များသို့ ထိုးဖောက်နိုင်ရန် စံအရည်အသွေး သတ်မှတ်ချက်များနှင့် ဒေသထွက်ကုန်ကြမ်းများပေါ် အခြေခံပြီး စွန့်ဦးတီထွင်လုပ်ငန်းဆိုင်ရာ အမြင်သစ်များကို အသိပညာပေး ဆွေးနွေးမျှဝေပေးလျက်ရှိရာ လုပ်ငန်းရှင်များအပြင် သိရှိလိုသမျှ လေ့လာမေးမြန်းကြသည့် ပြည်သူများဖြင့်လည်း စည်ကားခဲ့သည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုင်းရင်းသားရိုးရာ အစားအစာ အရောင်းပြခန်းများ၌ ဒေသထွက် အစားအသောက်များ၊ တိုင်းရင်းသားရိုးရာအမှတ် တရပစ္စည်းများ၊ ဒေသထွက်ကုန်ပစ္စည်းများနှင့် တိုင်းရင်းသားရိုးရာ ဝတ်စုံများကို ပြည်သူများ စိတ်ကြိုက် ဝယ်ယူစားသုံးနိုင်ရန်အတွက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိသည့် အတွက် လာရောက်ဝယ်ယူကြသူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။
အလားတူ ကုန်ထုတ်သမဝါယမအသင်းများ၏ ထုတ်ကုန်ပြခန်း၊ စက်မှုဝန်ကြီးဌာန၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း(MEC)နှင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့က စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို အထူးဈေးနှုန်းဖြင့် ချိုသာစွာရောင်းချပေးလျက်ရှိရာ လာရောက်ဝယ်ယူကြသူများနှင့် အထူးစည်ကားလျက်ရှိသည်။
ညပိုင်းတွင် ပြပွဲလာကြသူများ အေးချမ်း ပျော်ရွှင်စွာအပန်းဖြေနိုင်ရန် ဖျော်ဖြေရေး အစီအစဉ်များကို ထည့်သွင်းကျင်းပလျက်ရှိပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် အနုပညာဦးစီးဌာနမှ အနုပညာရှင်များက မျိုးချစ်စိတ်နှင့် ဇာတိမာန်တက်ကြွစေမည့် တေးသီချင်းများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုကပြဖျော်ဖြေကြရာ ပြည်သူ အများအပြား ပါဝင်ဆင်နွှဲလျက်ရှိကြောင်းနှင့် ယနေ့တွင် ရပ်နီး/ရပ်ဝေးမှ လာရောက်လည်ပတ် လေ့လာကြသူများ၊ ဒေသအလိုက် ထွက်ကုန်များနှင့် ရိုးရာအစားအစာများအား နှစ်သက်စွာဝယ်ယူသုံးဆောင်၍ လာရောက် အပန်းဖြေကြသူများ၊ စီးပွားရေးနှင့်နည်းပညာဆိုင်ရာလုပ်ငန်းချိတ်ဆက်မှုများတွင် စိတ်ပါဝင်စားစွာ လာရောက် လေ့လာကြသည့်လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များဖြင့် စည်ကား သိုက်မြိုက်စွာ ပါဝင်ဆင်နွှဲလျက်ရှိသည်။ လာရောက်လည်ပတ်ကြသူများအနေဖြင့် လူဦးရေ ၅၅၅၀ ကျော်၊ မော်တော်ယာဉ် အစီးရေ ၇၀၀ ခန့်နှင့် မော်တော်ဆိုင်ကယ်အစီးရေ ၄၀၀ ခန့်အထိရှိကြောင်း သတင်းရရှိသည်။