MMC စာအုပ်စာပေနှင့် ပန်းချီအရောင်းပြပွဲ သုံးရက်တာကျင်းပမည်
ရန်ကုန် ဖေဖော်ဝါရီ ၁၁
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပထမအကြိမ် MMC စာအုပ်စာပေနှင့် ပန်းချီအရောင်းပြပွဲကို ရန်ကုန်မြို့ မိုးကောင်းလမ်းမကြီးပေါ်ရှိ မြဝတီမီဒီယာစင်တာ (MMC)၌ ဖေဖော်ဝါရီ လ ၁၁ ရက်မှ ၁၃ ရက်အထိ သုံးရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“ပြပွဲသုံးရက်တာမှာ နေ့စဉ်နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ရောင်းချပေးသွားမယ်။ အခုက ပထမဆုံးအကြိမ် ကျင်းပတာပါ။ နောက်ထပ် ဒုတိယအကြိမ်၊ တတိယအကြိမ် စသည်ဖြင့် ပြပွဲတွေ ဆက်လက်ကျင်းပနိုင်ဖို့ ကြိုးစားသွားမယ်။ ဒီပွဲကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရဲ့ လမ်းညွှန်ချက်နဲ့ မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌရဲ့ ညွှန်ကြားချက်လည်းရှိတာကြောင့် အကောင်အထည်ဖော် ဆောင်ရွက်တာပါ။ ပြီးတော့ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် Update လုပ်နေတာတွေ့ရတယ်။ ဒါကို ကျွန်တော်တို့အနေနဲ့ အထောက်အကူပြုတဲ့အနေနဲ့ တစ်ဖက်တစ်လမ်းက ပါဝင်ဆောင်ရွက်တာဖြစ်ပါတယ်” ဟု မြဝတီမီဒီယာစင်တာ စာနယ်ဇင်းဌာန၏ အထွေထွေမန်နေဂျာ ဦးမြင့်နိုင်က ပြောကြားသည်။
သုံးရက်တာအတွင်း နိုင်ငံကျော် စာရေးဆရာကြီးများ၏ စာအုပ်စာပေများနှင့် ပန်းချီပညာရှင်ကြီးများ၏ ပန်းချီလက်ရာမွန်များကို ခင်းကျင်းပြသရောင်းချပေးသွားမည်ဖြစ်သည့်အပြင် ပန်းချီကားပေါင်း ၁၀၀ ကျော်၊ စာအုပ်ဆိုင်ပေါင်း ၁၀ ဆိုင်ကျော်မှ စာအုပ်ရေပေါင်း သုံးသောင်းခွဲ ကျော်ကိုပါ ဈေးနှုန်းချိုသာစွာရောင်းချပေးသွားမည်ဖြစ်ကြောင်း မြဝတီမီဒီယာစင်တာစာနယ်ဇင်းဌာနမှ သိရသည်။
စာအုပ်စာပေအရောင်းပြပွဲတွင် မိုးကျော်၊ စောဦး၊ မြဝတ်ချို၊ တံခွန်တိုင်၊ ရဲတံခွန်၊ နွယ်ပိုးအိမ်၊ အောင်ကျော်၊ အလင်းတန်းစာပေဖြန့်ချိရေးတို့နှင့် မြဝတီစာပေတိုက်တို့ အပါအဝင် စာအုပ်ဆိုင်ပေါင်း ၁၀ ဆိုင်ကျော်မှ ဘာသာပြန်အတ္ထုပ္ပတ္တိ၊ ဝတ္ထု၊ ဆောင်းပါး၊ ပညာရေး၊ ကျန်းမာရေး၊ အောင်မြင်ရေး၊ တိုင်းရင်းဆေး၊ ရှားပါးစာပေများအပါအဝင် စာပေအမျိုးအစားစုံလင်စွာဖြင့် စာအုပ်ပေါင်း သုံးသောင်းခွဲကျော် ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီပွဲမှာ ကျွန်တော်က Acrylic အမျိုးအစား ပန်းချီကားရှစ်ကား ပါဝင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီမြဝတီစင်တာက ခန်းမ၊ ကားပါကင် အနေအထားက ကျယ်ဝန်းတယ်။ ဝန်ဆောင်မှုကောင်းတယ်။ ပန်းချီပြပွဲလုပ်လို့ ကောင်းတယ်။ ဒါကြောင့် တခြားပန်းချီဆရာတွေနဲ့ပူးပေါင်းပြီး ပြပွဲကျင်းပသွားဖို့ အစီအစဉ်ရှိပါတယ်။ ပန်းချီကားတွေကနေ ပန်းချီရသကို အပြည့်အဝခံစားနိုင်မှာဖြစ်တဲ့အတွက် လာရောက်လေ့လာစေချင်ပါတယ်။ ပြီးတော့ ပတ်ဝန်းကျင်အနေအထားနဲ့ ဝန်ဆောင်မှုကောင်းတွေကို မြင်တွေ့ခံစားနိုင်မှာဖြစ်တဲ့အတွက် အရောက်လာခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု ပန်းချီကားများ ပါဝင်ပြသသည့် ပန်းချီဆရာသက်နိုင်ဝင်းက ပြောပြသည်။ထို့ပြင် ပြပွဲလာရောက်ကြည့်ရှုသူများအတွက် အစားအသောက်ဆိုင်များ၊ ပစ္စည်းအရောင်းဆိုင်များကိုပါ ခင်းကျင်းပြသ ရောင်းချသွားမည်ဖြစ်သည့်အပြင် ပြပွဲကာလအတွင်း Caricature ရုပ်ပြောင်ပန်းချီဆရာအောင်ကျော်မှ ပုံတူရုပ်ပြောင်ပန်းချီများကို ရေးဆွဲပေးသည့် အစီအစဉ်နှင့် စာရေးဆရာများနှင့် စာဖတ်သူပရိသတ်များတွေ့ဆုံမည့် အစီအစဉ်တို့ကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုကျင်းပလျက်ရှိသည့် စာအုပ်နှင့်ပန်းချီအရောင်းပြပွဲသည် မြဝတီမီဒီယာစင်တာဝင်းအတွင်း ပထမဦးဆုံး ပြုလုပ်သည့် အရောင်းပြပွဲဖြစ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်သူတိုးပွားလာရေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း-ကျော်ကြီး၊ ဓာတ်ပုံ-မောင်သီ