(၇၈) နှစ်‌မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပထမအကြိမ် MMC စာအုပ်စာပေနှင့် ပန်းချီအရောင်းပြပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

(၇၈) နှစ်‌မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပထမအကြိမ် MMC စာအုပ်စာပေနှင့် ပန်းချီအရောင်းပြပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်   ဖေဖော်ဝါရီ   ၁၁

(၇၈) နှစ်‌မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပထမအကြိမ် MMC စာအုပ်စာပေနှင့်ပန်းချီအရောင်းပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင်  ရန်ကုန်တိုင်းဒေသကြီး  ရန်ကင်း မြို့နယ်ရှိ မြဝတီမီဒီယာစင်တာ(MMC) ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားမှူးက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပထမအကြိမ် MMC စာအုပ်စာပေနှင့်     ပန်းချီအရောင်းပြပွဲဆိုင်ရာများနှင့်စပ်လျဉ်း၍  ရှင်းလင်းပြောကြားသည်။

ထို့နောက်  ထပ်ဆင့်အကယ်ဒမီ ဒါရိုက်တာ ပန်းချီစိုးမိုး၊ မြန်မာနိုင်ငံရိုးရာပန်းပညာရှင်များအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးသစ်လွင်၊ ဦးကိုကို(စက်မှုတက္ကသိုလ်)၊ ကျော်ကျော်သန်း(မဟာဝိဇ္ဇာ)နှင့် တေးသံရှင် ဦးသန်းမြတ်စိုးတို့က  ပြပွဲကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် အခမ်းအနားတက်ရောက်လာကြသည့်    ဧည့်သည်တော်များနှင့် တာဝန်ရှိသူများသည် မိုးကျော်စာပေဖြန့်ချိရေး၊ စောဦးစာပေဖြန့်ချိရေး၊  မြဝတ်ချိုစာပေဖြန့်ချိရေး၊ တံခွန်တိုင်စာပေဖြန့်ချိရေး၊ ရဲတံခွန်စာပေ ဖြန့်ချိရေး၊ နွယ်ပိုးအိမ် စာပေဖြန့်ချိရေး၊ အောင်ကျော်စာပေဖြန့်ချိရေး၊ အလင်းတန်းစာပေ ဖြန့်ချိရေးတို့နှင့်  မြဝတီစာပေတိုက်တို့ အပါအဝင် စာအုပ်ဆိုင်ပေါင်း ၁၀ ဆိုင်ကျော်မှ ဘာသာပြန် အတ္ထုပ္ပတ္တိ၊ ဝတ္ထု၊ ဆောင်းပါး၊ ပညာရေး၊ ကျန်းမာရေး၊ အောင်မြင်ရေး၊ တိုင်းရင်းဆေး၊ ရှားပါးစာပေများအပါအဝင် စာအုပ်ပေါင်း သုံးသောင်းခွဲကျော် ခင်းကျင်းပြသရောင်းချနေမှုကိုလည်းကောင်း၊     ပန်းချီဆရာအောင်သျှံဝိုင်း၊ မောင်တည်တံ့၊ သက်နိုင်ဝင်း၊ သရုပ်ဆောင် ယဉ်လတ်အပါအဝင် ပန်းချီဆရာလေးဦး၏    ပန်းချီကားအနုပညာလက်ရာပေါင်း ၁၀၀ ကျော် ခင်းကျင်းပြသနေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှု အားပေးကြသည်။

ပြပွဲကို ဖေဖော်ဝါရီလ ၁၁ ရက်မှ ၁၃ ရက်အထိ သုံးရက်တာ ကျင်းပသွားမည်ဖြစ်ပြီး ပြပွဲရက်များအတွင်း ပြည်သူများအနေဖြင့် နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ လာရောက်လေ့လာဝယ်ယူနိုင်ကြောင်း သိရသည်။

ပြပွဲကျင်းပရာ မြဝတီမီဒီယာစင်တာတွင် 4K အရည်အသွေးဖြင့် 3D ပြသနိုင်သည့်လူ ၂ဝဝ ဆံ့ ရုပ်ရှင်ရုံ၊ ကြီးမားသော LED Projector  ပါဝင်သည့်      လူ ၃ဝဝ ဆံ့ ကဇာတ်ရုံ၊    ဖျော်ဖြေရေးအစီအစဉ်များ၊ သီချင်းဆိုပြိုင်ပွဲများ၊ Game Show များ၊ Model Show ပြိုင်ပွဲများ ပြုလုပ်နိုင်ပြီး စတိတ်စင်၏ နောက်ခံဒီဇိုင်းများကို လိုအပ်သလို ပြောင်းလဲအသုံးပြုနိုင်သည့်     TV Studio နှစ်ခန်း၊ Talk Show Studio၊ Radio Studio၊   Mini Studio ၊ Sound Studio၊ News Studio၊ Music Studio အခန်းများ၊ စာကြည့်တိုက်နှင့်    သင်တန်းခန်းမများ၊ စီးပွားရေးဆိုင်ရာရုံးခန်းများ၊ လုံခြုံစိတ်ချသည့် ကားအစီးရေ ၂၀၀ ဆံ့ ကားပါကင်နှင့် အစားအသောက်များ  စီစဉ်ဆောင်ရွက်ပေးနိုင်သည့် ဝန်ဆောင်မှုများကိုပါ ရရှိနိုင်သည့်အတွက် မီဒီယာနှင့် သက်ဆိုင်သည့် ပြပွဲ၊ ပြိုင်ပွဲများကို တစ်နေရာတည်းတွင် တစုတစည်းတည်း ကျင်းပနိုင်ကြောင်း မြဝတီမီဒီယာစင်တာမှ သိရသည်။                      

     သတင်း-ကျော်ကြီး၊ ဓာတ်ပုံ-မောင်သီ