မန္တလေး ပဲဈေးကွက်အတွင်း ကုလားပဲအသစ်များ လှိုင်လှိုင်ဝင်ရောက်လာပြီး အရောင်းအဝယ် သွက်လျက်ရှိ

 

မန္တလေး ပဲဈေးကွက်အတွင်း ကုလားပဲအသစ်များ လှိုင်လှိုင်ဝင်ရောက်လာပြီး အရောင်းအဝယ် သွက်လျက်ရှိ

 

မန္တလေး   ဖေဖော်ဝါရီ   ၁၂

    မန္တလေးပဲဈေးကွက်အတွင်း ကျောက်ဆည်၊ သဲတော၊ ဝမ်းတွင်း၊ မြင်းမူနှင့် မုံရွာ စသည့်ဒေသများမှ စိုက်ပျိုးထွက်ရှိသော  ကုလားပဲအသစ်များ လှိုင်လှိုင်ဝင်ရောက်လာပြီး   အရောင်းအဝယ်သွက်လျက်ရှိကြောင်း မန္တလေးမြို့ရှိ  ပဲ၊  နှမ်းကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

ပြည်တွင်း၌ ကုလားပဲစိုက်ပျိုးရာ တွင် မြန်မာမျိုးရင်းများအပြင် ပြည်ပမျိုး များဖြစ်သော V2 ၊ V7 ၊ 929 နှင့် မြကြေးမုံ စသည့်ကုလားပဲမျိုးများကို   စိုက်ပျိုးကြပြီး  လက်ရှိတွင် မန္တလေးပဲဈေးကွက်၌ ပဲအမျိုးအစားနှင့်အရည်အသွေးပေါ်   မူတည်၍    ဈေးနှုန်းကွာခြားမှုရှိကြောင်း  သိရသည်။

"ဒီနှစ်ကုလားပဲစိုက်ပျိုးချိန်မှာ ပိုးမွှား ရောဂါကျရောက်မှုကင်းရှင်းပြီး တောင်သူ တွေကလည်း  ကြိုးစားစိုက်ပျိုးခဲ့တဲ့အတွက်   ပြီးခဲ့တဲ့နှစ်ကထက် ကုလားပဲအထွက်နှုန်း ပိုပြီးကောင်းလာနိုင်ပါတယ်။ ဈေးနှုန်းအနေနဲ့ကလည်း  ပြီးခဲ့တဲ့နှစ်ကထက်  စျေးကွက်အလားအလာကောင်းတဲ့နှစ်ဖြစ်ပါတယ်"ဟု မန္တလေးမြို့ရှိ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်ကပြောသည်။

ကုလားပဲသည် စားသုံးသူများ၏ ကျန်းမာရေးကို များစွာအထောက်အကူ ပြုသော ပဲအမျိုးအစားဖြစ်သောကြောင့် ပြည်တွင်း၌ စားသုံးမှုများပြားသည့်အပြင်  ပြည်ပနိုင်ငံတို့သို့လည်း တင်ပို့နေရသည့် အတွက် နိုင်ငံခြားဝင်ငွေရရှိသော ပဲတစ်မျိုးဖြစ်သည်။ ထိုသို့ ပြည်တွင်း၊ပြည်ပစျေးကွက်ရှိသောကုလားပဲကို စစ်ကိုင်းတိုင်းဒေသကြီး၊  မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့၌ အများဆုံးစိုက်ပျိုးကြသည်။

မန္တလေးပဲဈေးကွက်သို့    ဝင်ရောက် လာသည့် ကုလားပဲအသစ်များ အရောင်း အဝယ်ကောင်းမွန်နေခြင်းကြောင့် ဝယ်လို အားနှင့် ရောင်းလိုအားမျှတမှုရှိလာပြီး ဒေသဈေးကွက်အတွင်း ပဲမျိုးစုံဈေးနှုန်းများ တည်ငြိမ်ကျဆင်းလာမည်ဖြစ်ကာ ဒေသခံများ၏  သက်သာချောင်ချိရေးကို  အထောက်အကူပြုစေမည်ဖြစ်သည်။

ကုလားပဲသည် တစ်နှစ်လျှင် တစ်ရာသီ သာ    စိုက်ပျိုးထွက်ရှိသော သီးနှံဖြစ်ပြီး ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိသည့် ကုလားပဲများအနက်  V2 နှင့်  929 ကုလားပဲတို့ကို ပြည်တွင်း၌ စားသုံးမှုများပြီး ပြည်ပသို့တင်ပို့ရာတွင်  V7 ကုလားပဲကို  အများဆုံး တင်ပို့ကြောင်း သိရသည်။