
တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ
ယမန်နေ့မှအဆက်
ပတ္တမြားစေတီဘုရားပွဲတွင် စံဒေဝီတို့အုပ်စုက ဇရပ်သို့ အရင်ရောက်နှင့်၍ ထမင်းစားနေခိုက်တွင် ကျွန်ုပ်တို့လူစု ရောက်လာကြ၍ ကျွန်ုပ်၏အသံကို ကြားရသည်နှင့်တစ်ပြိုင်နက် ထမင်းပွဲတွင် အမေကြီး နှင့်အပျိုကြီးတို့အကြားမှ ကတ်ကတ်သတ်သတ် ချောင်းကြည့်၍ ကျွန်ုပ်နှင့် မျက်လုံးချင်းတိုက်ဆိုင်မိ ခြင်း၊ ပဆစ်ဝိုင်း၌ စံဒေဝီကကြွေပစ်၍ "အစိပ်"ကျခြင်းကို ကျွန်ုပ်ကမမြင်လိုက်ရသဖြင့် ပန်းကန်ထဲသို့ လက်နှိုက်လိုက်မိရာ ဆက်လက်၍ပစ်မည်ဟု ကြွေကို နှိုက်နေသော စံဒေဝီ၏လက်ကို ဆုပ်ကိုင်မိသဖြင့် လူကြီးတွေက ရယ်ကြသော်လည်း စံဒေဝီ ရှက်ဟန် မရှိဘဲ ချစ်စရာကောင်းသော မျက်နှာမျိုးနှင့် ကျွန်ုပ်အား ပြုံးလျက်ကြည့်ခြင်း၊ ကျွန်ုပ်တို့၏ အိမ်ရှေ့မှ စံဒေဝီလမ်းလျှောက်သွားစဉ် အိမ်ပေါ်မှဆင်းလာ သောကျွန်ုပ်နှင့် မျက်နှာချင်းဆိုင်ကြည့်လိုက်ကြရာ အုတ်ကျိုးအုတ်ပဲ့များ ခင်းထားသဖြင့် စလုံးစခုဖြစ် နေသောလမ်းဖြစ်၍ စံဒေဝီခလုတ်တိုက်မိခြင်း၊ စံဒေဝီတို့အိမ်ရှေ့သို့ ကျွန်ုပ်လမ်းလျှောက်သွားစဉ် စံဒေဝီသည် ထိန်းကျောင်းလျက်ရှိသော တူကလေး ကို မြေကြီးပေါ်တွင် ချထားရင်း ငုံ့လျက်ရှိရာမှ ကျွန်ုပ်ကိုမြင်သည်နှင့် မျက်လုံးချင်းဆုံမိကြရာတွင် သူ၏ ဆွဲကြိုးသည် တူကလေး၏ ဆွဲကြိုးမှ လော့ကတ်သီး နှင့်ငြိသွားသဖြင့် အတော်ဖြုတ်ယူရဖူးခြင်း စသော အခြင်းအရာများသည် မျက်စိထဲ တဝဲဝဲပြန်၍ပေါ် လာပါတော့သည်။ ဤအဖြစ်အပျက်များသည် တစ်ခု စီအနေဖြင့် အဓိပ္ပာယ် ထင်ရှားကောင်းမှထင်ရှားမည် ဖြစ်သော်လည်း အားလုံးစုပေါင်း လိုက်သောအခါ ၌မူကား ကျွန်ုပ်အားချစ်ကြိုက်သည်ဟု ထင်ခဲ့ခြင်းသည် အထင်ကြီးခြင်းမဟုတ်ဟု ယူဆနိုင်ကြပေလိမ့် မည်ထင်၏။ သို့နှင့်လည်း ကျွန်ုပ်သည် ဤအဖြစ် အပျက်ကလေးများကို မြှုပ်ထား၍ မိခင်၏စကားကို ကြားရသောအခါမှ ကျွန်ုပ်၏အထင်ကို အတည်ပြု သောအနေဖြင့် ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။
အကြီးဆုံးသောဆူးကြီးပေါက်ခြင်း
စံဒေဝီအကြောင်းကို ဤနေရာတွင် ဇာတ်သိမ်းပြီး နောက် ၁၉ဝ၉ ခုနှစ်တွင် စံဒေဝီကိုလက်လျှော့လိုက် သည့် အချိန်အပိုင်းအခြားသို့ ပြန်၍ကောက်ရပေ ဦးမည်။ စံဒေဝီနှင့်အဖြစ်အပျက်သည် ကျွန်ုပ်၏ သဘာဝတွင် အကြီးဆုံးသော "ဆူး" ကြီးတစ်ချောင်း ပေါ်ပေါက်စေသည်ဖြစ်၍ လူသားကိုချစ်ခင်ကြင်နာ တတ်သည့်စိတ်ထားမျိုး အတော်ကြီးလျော့နည်း ဆုတ်ယုတ်သွားခဲ့ပါလေပြီ။ ချစ်ခင်သော မိတ်ဆွေ တစ်ယောက်တလေမျှ ဤဌာန၊ ထိုဌာန စသည်များ တွင် တွေ့ကြုံရ၍ အပြန်အလှန်ကြင်နာခြင်းရှိကြ သော်လည်း လူသားသောင်းပြောင်း အနေဖြင့်မူကား အထင်ကြီးမှုမရှိတော့ဘဲ လူအများနှင့်ပေါင်းသင်း ဆက်ဆံရခြင်းထက် တစ်ကိုယ်တည်းနေရသော အဖြစ်ကို ပိုမိုနှစ်သက်လာခဲ့လေပြီ။ နဂိုကတည်းက တစ်ကိုယ်တည်းနေချင်တတ်သည့် "ဉာဉ်" ကလေး ပါလာခဲ့သည့်အထဲတွင်(Introvert Type) အထက်ပါ အဆင်မပြေမှုနှင့် ကြုံလိုက်သောအခါ "လူတွေဟာ အလကားပါပဲ။ တစ်ယောက်တည်းနေခြင်းက ကောင်းပါသေးသည်"ဟူသော အယူအဆသည် တိုး၍တိုး၍ ဖြစ်ပေါ်လာပြီး သာ၍သာ၍ သဘောကျလာ၏။ သို့ဖြစ်၍ ရွှေဘိုမြို့သစ်တောရုံး၌ စာရေးလုပ်စဉ် ယခင်တစ်ခေါက် အရေးပိုင်ရုံး၌ လုပ်ကိုင်စဉ်က လောက်မျှ အသိအကျွမ်းမရှာတော့ဘဲ စာအုပ်ကိုသာ အဖော်ပြုပါတော့သည်။ အသိမိတ်ဆွေပေါများအောင် လုပ်ပေးနိုင်သည့် ဘထွေးနှစ်ယောက်တို့၏ နေအိမ်သို့ပင် တစ်ခေါက်တလေမျှလောက်သာ ရောက်ပါတော့သည်။
ကြီးပွားချင်စိတ်ကုန်ခန်းပုံ
အကယ်၍ စံဒေဝီသည် ရာထူးရှိသော လူတစ်ယောက် သို့မဟုတ် ပိုက်ဆံရှိသော ယောက်ျား တစ်ယောက်နှင့် လက်ထပ်သည်ဆိုပါက ကျွန်ုပ်သည် ဘထွေးနှစ်ယောက်ထံသို့ ချဉ်းကပ်၍ လက်လှမ်းမီသလောက် တတ်နိုင်သမျှ အမြင့်ဆုံးအဆင့်အတန်း မိန်းကလေး တစ်ယောက်ယောက်ကို ရနိုင်အောင် အားကျမခံ ဂုဏ်တုဂုဏ်ပြိုင် သဘောမျိုးနှင့် ကြိုးစား ကောင်း ကြိုးစားမိလိမ့်မည် ထင်သည်။ ယခုမှာမူ (သူတို့အဆိုအတိုင်း) နက္ခတ်ချင်းမတိုက်ဆိုင်၍ လွဲကြရာတွင် သူကိုယ်တိုင်မှာလည်း အိမ်ထောင်ပြုသည်ဟု မကြားရသောကြောင့် ထိုကဲ့သို့ ကြိုးစား ဖို့မလိုဘဲဖြစ်နေ၏။ သို့ရာတွင် ကျွန်ုပ်၏စိတ်ထား နှင့်ပတ်သက်၍ ကြီးစွာသော ပြောင်းလဲချက်တစ်ခု ဖြစ်ပေါ်လာခဲ့ပုံမှာ ယခင်ကမူ ငါသည် စံဒေဝီကို သူတစ်ပါးသားမယားထက် အောက်မကျစေဘဲ ဆင်ပြင်နိုင်စေရန် ရာထူးဌာနန္တရ တိုးတက်အောင် ကြိုးစားရမည်ဟူသော စိတ်အကြံမျိုးရှိခဲ့ရာ ယခုမှာ မူကား ကြီးပွားတိုးတက်ရေးအတွက် လုံးဝသတိ မရသလောက်ဖြစ်ခဲ့ရလေပြီ။ လူပျိုကလေးဘာဝ လှချင်ပချင် ဝတ်ချင်စားချင်စိတ်မျိုးလည်း ကွယ် ပျောက်သလောက်ဖြစ်နေ၏။ ထိုစဉ်က ရွှေဘိုမြို့ထဲတွင်ဖွင့်သည့် အရပ်ထီတစ်ခုတွင် ကျွန်ုပ်သည် ဇာတ်ထုပ်သုံးထုပ်ပါသည့် ဓာတ်စက်တစ်ခု ထီပေါက် ရာ (၃၀ဝ လောက်တန်၍ ငွေတန်ဖိုးရှိသောခေတ်ဖြစ် သောကြောင့် တော်တော်ဝယ်လောက်ခြမ်းလောက်သည်။) ၎င်းဓာတ်စက်ကိုရောင်းပြီး အဝတ်အစားနှင့် အသုံးအဆောင်များဝယ်မည်ဟု စိတ်ကူးပြီးမှ စီးပွား အခြေယိုင်သဖြင့် မန္တလေးမြို့သို့တစ်ဖန် ပြောင်းရွှေ့ နေထိုင်လျက်ရှိသည့် မိဘများထံသို့ ပို့လိုက်ပါသည်။ ဤသည်မှာ ငွေရေးနှင့်ပတ်သက်၍ မိဘများအတွက် ကျွန်ုပ် အများဆုံး စွန့်စားထောက်ပံ့လိုက်ရဖူးခြင်းပင် ဖြစ်ပါ၏။ (မိဘများပြောင်းရွှေ့နေထိုင်ကြသော ရပ်ကွက်မှာ စံဒေဝီတို့နှင့်အတူနေသော ယခင် ရပ်ကွက်မဟုတ်။ မိခင်၏ အစ်မဝမ်းကွဲတစ်ယောက် နေသည့် ဓားတန်းရပ်ကွက်ဖြစ်၏။) ကျွန်ုပ်သည် မိဘ များနှင့် နှမကလေး၊ ညီကလေးများပေါ်တွင် ကြင်နာ စိတ်ကင်းမဲ့သူတစ်ယောက် မဟုတ်သော်လည်း စံဒေဝီ နှင့်လွဲရသည်တွင် လူ့ဘဝကို တော်တော်ကြီးစိတ်ပျက် သွားပြီး ဘာကိုမျှဂရုမစိုက်ချင်တော့ဘဲ မထီတရီ ဖြစ်လာခဲ့ခြင်းကြောင့် ဝတ္တရားပျက်ကွက်မှုများလှပါ သည်။ စံဒေဝီနှင့်အကြောင်းပါရလျှင် လူ့ဘဝကို ကျေနပ်ပြီး ယခုထက် ဝတ္တရားသိသော သားကောင်း တစ်ယောက်ဖြစ်လာလိမ့်မည်ဟု ထင်မိပါသည်။ (သို့သော် ဤသည်မှာ အထင်မျှသာဖြစ်ပါ၏။)
မိဘများ၏အကြံအစည်
၁၉၁ဝ ပြည့်နှစ် နှစ်ဦးလောက်တွင် မိခင်သည် ကျွန်ုပ်အတွက် အစီအစဉ်တစ်ခုရှိသည်ဆိုကာ အလုပ်မှနုတ်ထွက်ခဲ့ရန်မှာထားသဖြင့် မန္တလေးသို့ ရောက်လာခဲ့၏။ မိခင်တို့ကား ဓားတန်းရပ်တွင် အစ်မတော်သူရေတော်ခင်လေး၏ တိုက်၌ နေထိုင် လျက်ရှိကြ၏။ မိခင်နှင့် ကြီးတော်တို့၏ အစီအစဉ် ကား ဤသို့တည်း။ (ကျွန်ုပ်၏ကြီးတော်မှာ ရေနံချောင်း မြို့တွင် ရေနံတွင်းအမြောက်အမြားရှိခဲ့၍ ၎င်းတို့ကို ဘီအိုစီကုမ္ပဏီသို့ ရောင်းချခြင်းအားဖြင့် ကြွယ်ဝသူ တစ်ယောက်ဖြစ်လာ၏။) ကြီးတော်သည် အိမ်ရှေ့မင်း ၏သမီးတော် မင်းသမီးတစ်ယောက်နှင့် ညီအစ်မ အရင်းတမျှ ချစ်ခင်လာခဲ့ကြ၍ အတူတကွ နေထိုင် လျက်ရှိရာ ၎င်းတို့၏စိတ်ကူးမှာ ကျွန်ုပ်အား ဆွေတော်မျိုးတော် (မင်းသမီးကလေး)တစ်ယောက် နှင့်ပေးစားရန်၊ ထို့နောက် ကြီးတော်၏သူငယ်ချင်း မင်းသမီးမှာ မင်းပေါက်စိုးပေါက်ဖြစ်၍ မြန်မာပြည် အတွင်းဝန်ချုပ်ကြီးထံသို့ ချဉ်းကပ်ပြီး ကျွန်ုပ်အား မြို့အုပ်ခန့်ဖို့ တောင်းခံရန်ဖြစ်လေရာ(ထိုခေတ်၌ ဤအကြံသည် စိတ်ကူးယဉ်ခြင်း သက်သက်မဟုတ်။ ကျွန်ုပ်နှင့် ကျောင်းနေဖက်သူငယ်ချင်း တစ်ယောက်မှာ ကိုးတန်းပင်မအောင်ဘဲ ဤနည်းဖြင့် မြို့အုပ် ဖြစ်ခြင်းကို မြင်ရဖူးပါသည်။) ကြီးတော်နှင့် မင်းသမီးသည် ကျွန်ုပ်အား ၎င်းအကြံအစည်ကိုဖိ၍ပြောကြရာ မိခင်၊ ဖခင်တို့ကလည်း သဘောတူကြ၏။ နောက်ဆုံး ၌ ကျွန်ုပ်က "ကြည့်ပါရစေ"ဟုပြောသည်နှင့် ကြီးတော် နှင့် မင်းသမီးသည် ကျွန်ုပ်အား ၎င်းအိမ်သို့ခေါ်သွား ကြလေ၏။
ဆက်လက်ဖော်ပြပါမည်။