မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလ တစ်လတာ ကာလအတွင်း ငါးသလောက်ပိဿာ ၈၀၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့
မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇန်နဝါရီလ တစ်လတာကာလအတွင်း ငါးသလောက် ပိဿာ ၈၀၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မော်လမြိုင်ကျွန်းမြို့နယ်၌ ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းလုပ်ကိုင်သူ ဒေါ်လဲ့လဲ့၏ ပြောပြချက်အရ သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ငါးသလောက် ပိဿာ ၆၅၀၀၀ အထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၃၁ ရက်အထိ ငါးသလောက် ပိဿာ ၈၀၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသမှ ငါးသလောက်များကို ရန်ကုန် ဈေးကွက်က အဝယ်လိုက်နေကြောင်း သိရသည်။
''ဒေသထွက် ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို ပုံမှန်တင်ပို့ ရောင်းချနေပါတယ်။ ရန်ကုန်ဈေးကွက်မှာ ငါးသလောက်ကို အဓိကရောင်းချရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ တစ်လတာကာလအတွင်း ငါးသလောက်ပိဿာ ၈၀၀၀၀ အထိတင်ပို့ရောင်းချခဲ့ရပါတယ်''ဟု ဒေါ်လဲ့လဲ့ကပြောသည်။
မော်လမြိုင်ကျွန်းမြို့နယ်မှ တင်ပို့ရောင်းချခဲ့သည့် ငါးသလောက် အသေး၊ အလတ်၊ အကြီး အရွယ်အစားပေါ်မူတည်ကာ ဈေးနှုန်းအသီးသီး ရှိကြောင်း သိရသည်။