2021 AFC Cup ပြိုင်ပွဲကို အိမ်ကွင်း အဝေးကွင်း နှစ်ကျော့ ကျင်းပမည့် စနစ်အစား အိမ်ရှင်နိုင်ငံ သတ်မှတ်ကျင်းပဖွယ်ရှိ

2021 AFC Cup ပြိုင်ပွဲကို အိမ်ကွင်း၊ အဝေးကွင်း   နှစ်ကျော့ကျင်းပမည့်စနစ်အစား သင့်လျော်သည့် အိမ်ရှင်နိုင်ငံတစ်ခု ရွေးချယ်သတ်မှတ်၍ ကျင်းပဖွယ်ရှိကြောင်း ဗီယက်နမ်နိုင်ငံ အခြေစိုက် VnExpress မီဒီယာက ဖော်ပြသည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် AFC Cup ပြိုင်ပွဲကို ဇုန်အလိုက်ကျင်းပမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဧပြီလမှ နိုဝင်ဘာလအထိ ကျင်းပရန် ပဏာမဆုံးဖြတ်ထားသည်။

အဆိုပါပြိုင်ပွဲ  အာဆီယံဇုန်  အကြိုခြေစစ်ပွဲကို ၂၀၂၁ ခုနှစ် ဧပြီ ၂၇ ရက်နှင့် ၂၈ ရက်၊ Play-Off အဆင့်ပွဲစဉ်ကို မေ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ကျင်းပမည် ဖြစ်သည်။ အာဆီယံဇုန် အုပ်စုအဆင့်ပွဲစဉ် များကို ၂၀၂၁ ခုနှစ် ဇွန် ၂၂ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အကြိုဗိုလ်လုပွဲကို သြဂုတ် ၁၀ ရက်၊ ၁၁ ရက်နှင့် ဗိုလ်လုပွဲကို  သြဂုတ်  ၂၅  ရက်တွင်  ကျင်းပရန် လျာထားကြောင်း အာရှဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။

အာရှဘောလုံးအဖွဲ့ချုပ်သည်   ယင်းပြိုင်ပွဲများ၏ အုပ်စုမဲခွဲပွဲကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် အွန်လိုင်းမှတစ် ဆင့်ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပမည့် ပုံစံနှင့် ကျင်းပမည့်ရက်များကိုပါ အတည်ပြု သတ်မှတ်ဖွယ်ရှိကြောင်း   VnExpress မီဒီယာက ဖော်ပြသည်။

2021 AFC Cup ပြိုင်ပွဲ၌   ရှမ်းယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ခွင့် ရရှိထားသည်။ 

အဆိုပါ ပြိုင်ပွဲ၌ မြန်မာကလပ်အသင်းများ ဖြစ်သည့် ရန်ကုန်၊ ရတနာပုံ၊ ဧရာဝတီ၊ မကွေး၊ နေပြည်တော်နှင့် ရှမ်းယူနိုက်တက် အသင်းတို့    ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး  ဟံသာဝတီယူနိုက်တက် အသင်းက ပထမဆုံး ယှဉ်ပြိုင်ခွင့် ရရှိခြင်း ဖြစ်သည်။

ကိုရဲ