ဇလွန်မြို့နယ် နန်းတော်ကျွန်းကျေးရွာ အုပ်စု၌ စိုက်ပျိုးထားသော ဆောင်းနေကြာစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိ

 

ဇလွန်မြို့နယ် နန်းတော်ကျွန်းကျေးရွာ အုပ်စု၌ စိုက်ပျိုးထားသော ဆောင်းနေကြာစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိ

 

ဇလွန်  ဖေဖော်ဝါရီ  ၁၃

    ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် နန်းတော်ကျွန်းကျေးရွာ အုပ်စု၌ ဆောင်းနေကြာစိုက်ဧကပေါင်း ၁၀၀ ကျော် စိုက်ပျိုးထားရာ  ရေမြေသဘာဝနှင့် ကိုက်ညီသောကြောင့်  စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ  သိရသည်။

ဆောင်းနေကြာကို ဒေသတွင်းစားသုံးဆီ ဖူလုံရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်စိုက်ပျိုးခြင်းဖြစ်ပြီး ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက်   Supersun 41   နေကြာအထွက်နှုန်းကောင်း မျိုးများကို စိုက်ပျိုးထားကြောင်း သိရသည်။

ဇလွန်မြို့နယ်အတွင်း နေကြာစိုက်ဧကပေါင်း ၂၃၀၀၀ ကျော် စိုက်ပျိုးလျက်ရှိသည့်အနက်    နန်းတော်ကျွန်းကျေးရွာအုပ်စု၌   ဧကပေါင်း  ၁၀၀  ကျော်   စိုက်ပျိုးထားကြောင်း၊  အဆိုပါကျေးရွာအုပ်စု၌ နုန်းတင်မြေနုလွင်ပြင်များရှိပြီး   ရေမြေသဘာဝအားဖြင့်   နေကြာများ    အောင်မြင်ဖြစ်ထွန်းကြောင်း သိရသည်။

နှစ်စဉ်   ပြည်ပမှ စားအုန်းဆီများ ဝယ်ယူတင်သွင်းနေရခြင်းကြောင့် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို    ထိခိုက်လျက် ရှိသဖြင့် နိုင်ငံအတွင်း ဆီထွက်သီးနှံများ ပိုမိုအောင်မြင်စွာ  စိုက်ပျိုးထုတ်လုပ်ရန်  လိုအပ်သောကြောင့် နိုင်ငံတော်မှ သတ်မှတ်ထားသည့် ပန်းတိုင်အထွက်နှုန်းရရှိရေးကို   ပြည့်မီအောင်စိုက်ပျိုးခြင်းဖြင့် ပြည်တွင်းစားသုံးဆီ ဖူလုံမှုကို အကျိုးပြုစေမည့်အပြင် ပြည်ပသို့လည်း ပြန်လည်တင်ပို့နိုင်မည်ဖြစ်သည်။

အဆိုပါ  နန်းတော်ကျွန်းကျေးရွာအုပ်စု၌ နေကြာစိုက်ပျိုးခြင်းနှင့်အတူ ပျားမွေးမြူရေးလုပ်ငန်းများကိုလည်း  တွဲဖက်လုပ်ကိုင်လျက်ရှိရာ နေကြာစိုက်ပျိုးရေးနှင့် ပျားမွေးမြူရေး လုပ်ငန်းများကြား အပြန်အလှန်အကျိုးပြုကာ  နေကြာစိုက် တောင်သူများ     အဆင်ပြေလျက်ရှိကြောင်း  သိရသည်။