ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်ဇန်နဝါရီလအတွင်း ငရုတ်သီးစိမ်းပိဿာ ၇၃၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့
ညောင်တုန်း ဖေဖော်ဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ငရုတ်သီးစိမ်းပိဿာ၇၃၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ညောင်တုန်းမြို့နယ်မှ ကုန်စိမ်းမျိုးစုံရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူဒေါ်ဌေးဌေး၏ပြောဆိုချက်အရ သိရသည်။
ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်ဇန်နဝါရီလ ၁ ရက်မှ ၃၁ ရက်အထိ တစ်လတာကာလအတွင်း ငရုတ်သီးစိမ်းပိဿာ ၇၃၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့သည်။
''ဒေသထွက်လယ်ယာထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ ရောင်းချနေပါတယ်။ ညောင်တုန်းမြို့နယ် ကထွက်ရှိတဲ့ ဒေသထွက်ငရုတ်သီးစိမ်း တွေက အရည်အသွေးကောင်းတော့ မှာယူ တဲ့သူတွေများပါတယ်''ဟု ဒေါ်ဌေးဌေးက ပြောသည်။
ညောင်တုန်းမြို့နယ်မှ တောင်သူများသည် စပါးစိုက်ပျိုးရေးလုပ်ငန်းနှင့်ယှဉ်တွဲပြီး ငရုတ်စိုက်ပျိုးသည့်လုပ်ငန်းကိုလုပ်ကိုင်လျက်ရှိကြောင်း၊ ထိုသို့ ငရုတ်သီးစိမ်းများ တင်ပို့အားကောင်းလာခြင်း၊ငရုတ်အရည်အသွေး ကောင်းမွန်ခြင်းတို့ကြောင့် တောင်သူများ၊ လုပ်သားများ၊ ကုန်သည်များနှင့် ပွဲရုံလုပ်ငန်းလုပ်ကိုင်သူများ အလုပ်အကိုင်အခွင့်အလမ်းကောင်းမွန်နေကြောင်း၊ ငရုတ်သီးစိမ်းများတင်ပို့ရောင်းချနေရခြင်းကြောင့် ဒေသဈေးကွက်အတွင်း ငရုတ်သီးဈေးနှုန်းများတည်ငြိမ်ကျဆင်းလာမည်ဖြစ်ပြီး ဒေသခံပြည်သူများ၏ သက်သာချောင်ချိရေးကို အထောက်အကူပြုစေမည်ဖြစ်ကြောင်းသိရသည်။
သုတကျော်