ပျော်ရွှင်ချမ်းမြေ့သော နှစ်သစ်မင်္ဂလာဖြစ်ပါစေ

ခရစ်နှစ် ၂၀၂၀ ပြည့်နှစ်လွန်မြောက်၍ ၂၀၂၁ ခုနှစ်သို့ကူးပြောင်းရောက်ရှိလေပြီ။ နှစ်ဟောင်းလွန်မြောက်၍ နှစ်သစ်အခါသမယသို့ရောက်ရှိသော ယနေ့သည် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနေ့ ဖြစ်ပေသည်။ နှစ်သစ်သို့ ရောက်ရှိသည်နှင့်အတူ မကောင်းသောဘေးအတန်တန်၊ ရန်အသွယ်သွယ်တို့သည်လည်း နှစ်ဟောင်းတွင် ကျန်ရစ်ကွယ်ပျောက်ပါစေ။ ကမ္ဘာတစ်ဝန်းရင်ဆိုင်နေရသော COVID-19 ရောဂါဘေးမှ ရဟန်းရှင်လူပြည်သူ အပေါင်းတို့ကင်းစင်ဝေးကြပါစေကြောင်း ဆုတောင်းပတ္ထနာပြုအပ်ပေသည်။

၂၀၂၁ ခုနှစ် နှစ်သစ်တွင် လူသားအချင်းချင်း မေတ္တာသက်ဝင်ချစ်ခင်ခြင်း၊ အကြင်နာတရားထားခြင်း၊ မလိုမုန်းထားစိတ်ကင်းစင်ခြင်း၊ စိတ်ထားဖြောင့်မှန်၍ အပြန်အလှန်လေးစားခြင်းတို့ထားရှိနိုင်ကြပါစေ။ ထိုသို့ ထားရှိကြမှသာ လူသားတို့ကြုံတွေ့ရသော အခက်အခဲမှန်သမျှကို ကျော်လွှားနိုင်ကြမည်ဖြစ်သည်။ လူသား တစ်ဦးချင်းက ကိုယ်စီကိုယ်င ကိုယ်ကျင့်တရားကောင်းမွန်အောင်ပြုပြင်ခြင်း၊ အသိပညာ၊ အတတ်ပညာ စွမ်းအားမြင့်မားအောင် ကြိုးစားရွက်ဆောင်ခြင်းတို့ဖြင့် မိမိတို့နိုင်ငံတော်၏ လှပသောအနာဂတ်ကို ဖော် ဆောင်ကြရပေမည်။ တက်ကြွနိုးကြားမှုရှိသော လူငယ်မောင်မယ်များပေါ်ထွန်းစေချင်သည်။ တက်ကြွ နိုးကြားမှုမရှိသောသူသည် အချိန်များကို အလဟဿဖြုန်းတီးလိုက်သည်နှင့်တူသည်။ အမြဲတမ်းတက်ကြွ နိုးကြားသောစိတ်ထားနှင့်အတူ အရေးကြီးဆုံးမှာ ပြင်းပြသောဆန္ဒ၊ ကြီးမားသော မျှော်လင့်ချက်များထား ရှိကြရန်လိုအပ်ပေသည်။ မျိုးဆက်သစ်လူငယ်များ တိုးတက်ကြီးပွားပြီး အရည်အချင်းပြည့်ဝသူများ ဖြစ်အောင်ကြိုးစားရင်း  ကမ္ဘာ့အလယ်မှာ  မြန်မာတို့ဂုဏ်တင့်စေချင်သည်။

“ကိုယ်နှုတ်စိတ်သုံးပါးလုံး ယဉ်ကျေးသိမ်မွေ့ရမယ်။ တွေ့မြင်သူတိုင်းက လေးစားရတဲ့ ကိုယ်နှုတ် အမူအရာ ရှိရမယ်။ ပညာရှိပြီး ထက်မြက်တဲ့လူစွမ်းကောင်းတွေဟာ ဘဝပင်လယ်ထဲမှာ ကျွန်းတစ်ကျွန်းကို တည် ဆောက်နိုင်မယ်” ဟူ၍ သီတဂူဆရာတော်ကြီးမိန့်ကြားတော်မူသည်။ နှစ်သစ်မှာစည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ တန်းတူညီမျှခြင်း၊ ချစ်ကြည်ခြင်း၊ ခွင့်လွှတ်ခြင်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပြီး အနာဂတ်နိုင်ငံတော် ထူထောင်နိုင်ကြရပေမည်။ နှစ်သစ်တွင် နိုင်ငံတော်တစ်ဝန်း အလုပ်အကိုင်အခွင့်အလမ်းတွေအများကြီးဖန်တီး နိုင်ပြီး နိုင်ငံတော်စီးပွားရေးတိုးတက်စေချင်သည်။ လူတစ်ဦးချင်းစီ၏ လူနေမှုဘ၀သည့် ထက်ပိုမိုမြင့်မားစေ ချင်သည်။ တိုင်းရင်းသားအချင်းချင်း ရင်းနှီးမှုပိုမိုတိုးတက်ခိုင်မာစေချင်သည်။ စိတ်သစ်၊ အင်အားသစ်၊ အတွေး အခေါ်သစ်နှင့် စိတ်စေတနာကောင်းထားကာ လုပ်ဆောင်ပါလျှင် မည်သည့်အရာမဆို မုချအောင်မြင်မည်သာ ဖြစ်သည်။ နိုင်ငံတော်ကြီး အေးချမ်းသာယာရေး၊ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့်နိုင်ငံတော်စည်းလုံး ညီညွတ်ရေးတို့ကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံး စုပေါင်းလုပ်ဆောင်ကြမည်ဆိုလျှင် ပြည့်စုံလာမည်မှာ အမှန်ဖြစ်ပေသည်။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအားကောင်းမှသာ ပြည်ထောင်စုပြိုကွဲမည့်အန္တရာယ် ကိုကာကွယ်နိုင်မည်။ ပြည်ထောင်စုမပြိုကွဲရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့အတွက် We are Myanmar ဟူသော စိတ်ဓာတ်ထားရှိသင့်လှပေသည်။

နှစ်သစ်အခါသမယမှစတင်၍ ဗုဒ္ဓဘာသာ၊ သာသနာ၊ ရောင်ဝါနေသို့ထွန်းပါစေ။ မြန်မာမျိုးနွယ်၊ ကမ္ဘာ့လယ်၊ ဝင့်ထည်မြင့်၍၊ တင့်ပါစေ။ ကိုယ့်မျိုးကိုယ့်စာ၊ ကိုယ့်မြို့ရွာ၊ ကိုယ်ပါချစ်၍မြတ်နိုးကြပါစေ။ ကိုယ့်မိကိုယ့်ဖ၊ ဉာတတ္ထ၊ များလှတာဝန်၊ ယူနိုင်သူများဖြစ်ကြပါစေ။ သူများအကျိုးဆောင်၊ ကိုယ့်အကျိုးအောင်၊ နောက် နောင်ကျေးဇူးသိနိုင်ကြပါစေဟူသော စုဒ္ဒသမရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ဘုရားကြီး၏ သြဝါဒ အဓိဋ္ဌာန် ဆုတောင်းအတိုင်း နှစ်သစ်တွင်ပြည့်အောင်ဖြည့်ကြစေချင်သည်။

အနှစ်ချုပ်ဆိုရလျှင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြကုန်သော လူမျိုးမရွေး၊ ဘာသာမရွေးပြည်သူလူထုအပေါင်းသည် အစားဆင်းရဲခြင်းဒုက္ခ၊ အဝတ်ဆင်းရဲခြင်းဒုက္ခ၊ အနေဆင်းရဲခြင်း ဒုက္ခ၊ အူမ မတောင့်သဖြင့် သီလမစောင့်နိုင်သောဒုက္ခ အစရှိသည့် လူမှုဒုက္ခအပေါင်းမှ လွတ်မြောက်ကြလျက် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြမည့် သာယာဝပြောသောအချိန်အခါသို့ ရောက်ရှိနိုင်ကြရန် ကြိုးစား ကြပါစို့ဟူ၍ တိုက်တွန်းလိုက်ရပေသည်။    ။