တိုင်းပြည်သာယာဝပြောရေး အဓိကထားဆောင်ရွက်

တိုင်းပြည်သာယာဝပြောရေး အဓိကထားဆောင်ရွက်

အယ်ဒီတာ့အာဘော်

(၂၀၂၅ ခုနှစ် ၊ မတ် ၅ ရက်)

မြန်မာနိုင်ငံအတွင်း  မှီတင်းနေထိုင်လျက်ရှိသည့်  ပြည်သူများ၏စားသောက်ရေးအတွက် အဓိကစွမ်းဆောင်ပေးနေသောအဖွဲ့အစည်းမှာ တောင်သူလယ်သမားများဖြစ်သည်။ တောင်သူလယ်သမားတို့၏လုပ်အားဖြင့်ဖြစ်ထွန်းလာသော စိုက်ပျိုးရေးသီးနှံများ၊ မွေးမြူရေးထုတ်ကုန်များကြောင့် မြန်မာနိုင်ငံရှိပြည်သူများအားလုံး စားသောက်ရေးတွင် အဆင်ပြေနေခြင်းဖြစ်သည်။ နိုင်ငံတော်အစိုးရ၏စီးပွားရေးဦးတည်ချက်တွင်  “တိုင်းပြည်သာယာဝပြောရေးနှင့်စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို  ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး”ဟူ၍ ချမှတ်ထားသည်။

တောင်သူလယ်သမားများ၏အကျိုးစီးပွားကိုရှေးရှု၍ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်ကိုဖွဲ့စည်းခဲ့သည်။ တောင်သူလယ်သမားများ၏  လယ်ယာလုပ်ငန်းများအပေါ်ထိရောက်စွာအကျိုးပြုနိုင်မည့်လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်၍ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်အကောင်အထည်ဖော်ပေးလျက်ရှိသည်။ လယ်ယာထွက်ကုန်နှင့်တိရစ္ဆာန်ထွက်ကုန်ပစ္စည်းများကို ပြည်တွင်းဖူလုံမှုသာမက ပြည်ပသို့တင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်မှာ သီးနှံများအထွက်တိုးရေးပင်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် သီးနှံများကိုပန်းတိုင်အထွက်နှုန်းများရရှိရေးအလေးပေးဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် မျိုးကောင်းမျိုးသန့်များပြောင်းလဲသုံးစွဲရေး၊ မြေကိုစနစ်တကျပြုပြင်ရေး၊ ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာများ အချိန်ကိုက်အချိုးကျစနစ်တကျသုံးစွဲ၍ မြေဆီလွှာဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရေး၊ စိုက်ပျိုးရေ အောင်ရေရရှိရေးနှင့် စိုက်နည်းစနစ်မှန်ကန်ရေး စသည့် မျိုး၊ မြေ၊ ရေ၊ နည်းဟူသော နည်းလမ်းလေးသွယ်ပြည့်စုံကောင်းမွန်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

စိုက်ပျိုးလျက်ရှိသောစိုက်ပျိုးမြေများတွင် စိုက်ပျိုးသည့်သီးနှံအလိုက် ပန်းတိုင်ရည်မှန်းချက်ပြည့်မီ အောင်ကြိုးစားဆောင်ရွက်ခြင်း၊ သီးထပ်စွမ်းအားနှစ်ဆမှ သုံးဆအထိရရှိအောင်ကြိုးစားဆောင်ရွက်ခြင်းဖြင့် တောင်သူများအတွက် ဝင်ငွေတိုးစေနိုင်သကဲ့သို့ နိုင်ငံတော်အတွက်လည်း စီးပွားဖွံ့ဖြိုးတိုးတက်စေသည်။ သီးနှံများပိုမိုထွက်ရှိရေးနှင့်သီးထပ်စွမ်းအားမြင့်မားစေရေးအတွက်  တစ်သီးစိုက်လယ်မြေများကိုနှစ်သီးစိုက်၊ သုံးသီးစိုက် စသည့်သီးထပ်စိုက်ပျိုးနိုင်ရေးကို ဒေသအလိုက်၊ ရာသီအလိုက်သီးနှံပုံစံများချမှတ်ဆောင်ရွက်လျက်ရှိသည်။ သီးနှံများတွင် ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားရှိခြင်းမှာ စနစ်တကျသုတေသနပြုစိုက်ပျိုးခြင်းမှ ပေါ်ထွက်လာသည့်သတ်မှတ်ချက်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ တောင်သူလယ်သမားနေ့အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာတွင် “နိုင်ငံတော်အနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင်အထောက်အကူပြုရန်လိုအပ်လျက်ရှိသော လူ့စွမ်းအားအရင်းအမြစ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(၁၅)ကျောင်းဖွင့်လှစ်သင်ကြားပေးလျက်ရှိရာတွင် အလယ်အလတ်အဆင့်စိုက်ပျိုးမွေးမြူရေးဆိုင်ရာကျွမ်းကျင်ပညာရှင်များမွေးထုတ်ပေးနိုင်ခဲ့သည့်အပြင် အခြေခံပညာအထက်တန်းကျောင်းများတွင်တွဲဖက်၍ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအတတ်ပညာသင် အထက်တန်းကျောင်းများကို  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ ဖွင့်လှစ်ပေးခဲ့ရာ လက်ရှိတွင် စုစုပေါင်း(၈၅)ကျောင်းအထိဖွင့်လှစ်ထားပြီးဖြစ်ပါသည်”ဟူ၍ ဖော်ပြထားပါသည်။

စိုက်ပျိုးသီးနှံများအောင်မြင်ဖြစ်ထွန်းရန်နှင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက် ရာတွင် ဆည်ရေပေးဝေမှုလုပ်ငန်းသည် လွန်စွာအရေးပါသည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့်လည်း ဆည်မြောင်းစီမံကိန်းများကို အလေးထားရင်းနှီးမြှုပ်နှံပေးလျက်ရှိသည်။ မြန်မာနိုင်ငံအနှံ့အပြားတွင်ရေလှောင်တမံ ၂၄၆ ခု၊ ရေလွှဲဆည်  ၁၄၄ ခု၊ ကန် ၇၂ ခု၊ ရေတံခါး ၁၉၉ ခု၊ ရေတင်လုပ်ငန်း ၂၁၉ ခုတို့ကိုဆောင်ရွက်ထားရှိပြီးဖြစ်သည်။ လက်ရှိတွင်စိုက်ပျိုးသီးနှံဧက ၃၁ သိန်းကျော်အား အကျိုးပြုလျက်ရှိသည်။စိုက်ပျိုးရေရရှိမှုခက်ခဲသည့်ဒေသများတွင် မြေအောက်ရေအရင်းအမြစ်များကိုအသုံးပြုရန်စက်ရေတွင်း ၂၅၇၆၉ တွင်းကို တူးဖော်ထားရှိပေးထားပြီး မြေအောက်ရေလှောင်တမံများကို တည်ဆောက်ပေးလျက်ရှိသည်။ ထို့ပြင် ယာယီချောင်းပိတ်တမံများတွင် ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေပေးဝေခြင်း၊ ရေကြီးနစ်မြုပ်မှုနှင့် ပင်လယ်ရေငန်ဝင်ရောက်မှုမှကာကွယ်နိုင်ရန်အတွက် ရေဘေးကာကွယ်ရေးတာများ၊ ရေငန်တားတာများတည်ဆောက်ခြင်းနှင့် ချောင်းကော၊ မြောင်းကောများ၊ ချောင်းရိုးများနှင့် ရေနုတ်မြောင်းများတူးဖော်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးတွဲဖက်ဆောင်ရွက်ပေးခြင်းဖြင့် လူမှုစီးပွားဘဝပိုမိုမြင့်မားလာမည်ဖြစ်သည်။မွေးမြူရေးလုပ်ငန်းများအတွက် အရင်းအနှီးလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ  အရင်းမပျောက်မတည်ငွေများထုတ်ပေးပံ့ပိုးလျက်ရှိသည်။  လယ်ယာထွက်ကုန်နှင့်တိရစ္ဆာန်ထွက်ကုန်ပစ္စည်းများကို ပြည်တွင်းဖူလုံမှုသာမက ပြည်ပသို့တင်ပို့နိုင်ရန် အရှိန်အဟုန်မပြတ်ထုတ်လုပ် နိုင်ခြင်းဖြင့် တိုင်းပြည်သာယာဝပြောရေးကို အလေးထားဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း။    ။