နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုပိုမိုတိုးပွားရေးဖော်ဆောင်မည့်ခရီးစဉ်
အယ်ဒီတာ့အာဘော်
(၂၀၂၅ ခုနှစ် ၊ မတ် ၆ ရက်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒကိုကျင့်သုံးသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက်ဆက်ဆံရေးကိုရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူများကိုစောင့်ထိန်းသည်။ မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးလျက်ရှိသောနိုင်ငံရေးစနစ်မှာ စစ်မှန်၍စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီစနစ်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့်ဆက်ဆံရာတွင် ချစ်ကြည်ရင်းနှီးမှုကိုအခြေခံသောစိတ်ဖြင့်ဆက်ဆံလျက်ရှိသည်။
မြန်မာနှင့်ရုရှားနှစ်နိုင်ငံ၏မိတ်ဆွေရင်းချာဆက်ဆံရေးမှာ ၁၉၄၈ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်တွင် မြန်မာ-ရုရှားနှစ်နိုင်ငံသံတမန်ဆက်ဆံရေးစတင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ မြန်မာ-ရုရှားဆက်ဆံရေးမှာ(၇၇)နှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်သည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် နယ်မြေအကြီးမားအကျယ်ပြန့်ဆုံးနိုင်ငံတစ်ခုဖြစ်သည်။ ဥရောပနှင့်အာရှတိုက်တို့ကို ဆက်စပ်တည်ရှိနေသည့်နိုင်ငံဖြစ်ပြီး နိုင်ငံ၏ဧရိယာအများစုမှာအာရှတိုက်တွင်တည်ရှိနေသည်။ လက်ရှိ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်တာဝန်ယူထားသည့်ကာလများအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် အလွန်တိုးတက်သည့် ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခုအဖြစ်သို့ရောက်ရှိလာသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ မတ်လ ၃ ရက် နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစတင်ထွက်ခွာသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အကြီးအကဲအနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်အတွင်းရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်နှင့်တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ လွှတ်တော်ဥက္ကဋ္ဌများနှင့်တွေ့ဆုံဆွေးနွေးခြင်းများအပါအဝင် ရုရှားအစိုးရအဖွဲ့မှတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ် သည်။ အဆိုပါချစ်ကြည်ရေးခရီးစဉ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများလိုက်ပါခဲ့ကြသည်။ ချစ်ကြည်ရေးခရီးစဉ်အတွင်းနှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့်ကဏ္ဍပေါင်းစုံတွင်မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင်ဆွေးနွေးကြမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၃ ရက် ဒေသစံတော်ချိန်ညနေပိုင်းတွင် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ဘနုကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိသည်။ လေဆိပ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်လာရောက်သည့်နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုသည့်အစဉ်အလာနှင့်အညီဂုဏ်ပြုကြိုဆိုခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတတို့သည် မတ်လ ၄ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် မော်စကိုမြို့ ကရင်မလင်နန်းတော်၌ သီးခြားတွေ့ဆုံဆွေးနွေးကြသည်။ မြန်မာ-ရုရှားနှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး၏ ယခုတွေ့ဆုံမှုသည် ဒုတိယအကြိမ်တွေ့ဆုံမှုဖြစ်သည်။ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်ကာ (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၄ ရက်မှ ၁၁ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့သွားရောက်ခဲ့သည်။ ထိုခရီးစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည်ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်နှင့် စက်တင်ဘာလ ၇ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့ကြောင့် ယခုတွေ့ဆုံမှုသည် ဒုတိယအကြိမ်တွေ့ဆုံမှုဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုအတွက် များစွာအကျိုးဖြစ်ထွန်းစေသည်။
ရုရှားနိုင်ငံသည် မြန်မာနိုင်ငံအတွက် မိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်းနိုင်ငံတစ်နိုင်ငံဖြစ်ပြီးခရီးဝေးကွာသော်လည်း ချစ်ကြည်ရင်းနှီးမှုရှိသည့်နိုင်ငံဖြစ်သည်။ နှစ်နိုင်ငံသည် ရှေးသမိုင်းအစဉ်အလာကတည်းကပင် အေးအတူပူအမျှနေထိုင်ခဲ့ကြသည်။ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုသည် နှစ်နိုင်ငံအတွက်များစွာအကျိုးရှိသည်။ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ပညာသင်ကြားရေးကဏ္ဍ၊ ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့်အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ နိုင်ငံတော်အကြီးအကဲ၏ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများအတွက် သဘောတူစာချုပ်များကိုလက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ထို့ကြောင့် မြန်မာနှင့်ရုရှားတို့၏ နှစ်နိုင်ငံချစ်ကြည်ရေးမှာ ထာဝရခိုင်မြဲနေမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။