နိုင်ငံ့အကျိုးအတွက် ပညာကို အားသွန်ခွန်စိုက်သင်ယူကြရန်
အယ်ဒီတာ့အာဘော်
(၂၀၂၅ ခုနှစ် ၊ မတ် ၇ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍကိုမြှင့်တင်ပေးလျက်ရှိသည်။ တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ် လုပ်မှုအထောက်အကူပြုပညာရှင်များထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာ ရေးစနစ်ကို အကောင်အထည်ဖော်ပေးလျက်ရှိသည်။ ပြည်တွင်းမှပညာထူးချွန်ထက်မြက်သူများကိုလည်းပြည်ပသို့ပညာတော်သင်အဖြစ် ပို့ဆောင်ပေးလျက်ရှိသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ်လ ၄ ရက် ညပိုင်းတွင်ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာတော်သင်ရောက်ရှိနေသည့် စစ်ဘက်၊ အရပ်ဘက်မှ သင်တန်းသား အရာရှိ များအား မော်စကိုမြို့ရှိ Radisson Collection ဟိုတယ် Conference Hall ၌တွေ့ဆုံအမှာစကားပြော ကြားစဉ် “ပညာတော်သင်များစေလွှတ်ရာတွင် သာမန်ထက်ထူးချွန်သည့်သူများကိုရွေးချယ်၍ ပညာတော်သင် များစေလွှတ်ခြင်းဖြစ်ကြောင်း၊ ပညာသင်ကြားရေးသာမက ရုရှားဘာသာစကားတတ်မြောက်ရေးအတွက် လည်း အခြေခံများသင်ကြားပြီးမှ ရုရှားနိုင်ငံသို့ပညာတော်သင်စေလွှတ်ခြင်းဖြစ်ကြောင်း၊ ယခင်တပ်မတော်ခေါင်းဆောင်များ၏ အမြော်အမြင်ကြီးမားစွာဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် မိမိတို့နိုင်ငံအတွက်လိုအပ် သည့် တန်ဖိုးမဖြတ်နိုင်သော လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် သင်တန်းသားများအနေဖြင့် မိမိတို့ကိုယ်ကိုတန်ဖိုးထားစေချင်ကြောင်း၊ နိုင်ငံအတွက်လိုအပ်ချက်များ
ရှိခြင်းကြောင့် ပညာတော်သင်များစေလွှတ်ခြင်းဖြစ်ကြောင်း၊ မိမိတို့သည် ရွေးချယ်ခံရသည့်ထူးချွန်သူများဖြစ်သည်နှင့်အညီ ဆက်လက်၍လည်း ကြိုးပမ်းဆောင်ရွက်သွားကြရန်” တိုက်တွန်းပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်မှာ သာမန်ချစ်ကြည်ရေး ခရီးစဉ်ထက်ပိုမိုလေးနက်သည့် ချစ်ကြည်ရေးခရီးစဉ်တစ်ခုဖြစ်သည်။ ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတအပါအဝင် ရုရှားနိုင်ငံဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးတို့ဖြင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ် နိုင်ခဲ့သည်။ ဆက်လက်၍လည်း ကောင်စစ်ဝန်ချုပ်ရုံးများ ဖွင့်လှစ်ခြင်းများကိုလည်း ဆောင်ရွက်သွား မည်ဖြစ်သည်။ တွေ့ဆုံဆွေးနွေးမှုများတွင် စစ်ဘက်၊ အရပ်ဘက် ပညာသင်ကြားရေးကိစ္စရပ်များလည်း ပါဝင်ကြောင်းသိရှိရသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာတော်သင်ရောက်ရှိလျက်ရှိသည့် စစ်ဘက်၊ အရပ်ဘက်မှ သင်တန်းသားများ ဘွဲ့လွန်ပညာများသင်ကြားရာတွင် အချိန်နှင့်ငွေကြေးများ စိုက်ထုတ်သုံးစွဲကြရသည်။ မိမိကိုယ်တိုင်ကုန်ကျရခြင်းများရှိသကဲ့သို့ နိုင်ငံတော်မှငွေကြေးကုန်ကျရခြင်းများလည်းရှိသည်။ မိမိတို့၏အချိန်၊ ငွေကြေးနှင့်လုပ်အားများပေးဆပ်ထားရခြင်းကြောင့် ပညာသင်ကြားမှုများမထိခိုက်အောင်စည်းကမ်းစနစ်တကျနေထိုင်ကြရမည်ဖြစ်သည်။ သာမန်ထက်ထူးချွန်သည့်သူများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြပြီး ထူးချွန်ထက်မြက်သည့် ထိုက်တန်သောဘွဲ့ရပညာတတ်များဖြစ်စေရပေမည်။ ထူးချွန်စွာဆောင်ရွက်နိုင်မည်ဆိုပါက “သားရွှေအိုးထမ်းလာသည်” ဆိုသကဲ့သို့ မိမိအတွက်၊ နိုင်ငံတော်အတွက်အကျိုးခံစားရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပညာတတ်လူသားအရင်းအမြစ်များစွာပေါ်ထွန်းရေးကိုဆောင်ရွက်လျက်ရှိသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်လူသားအရင်းအမြစ်များ များစွာလိုအပ်ရာ ကျောင်းနေအရွယ်တွင် ဆရာ၊ ဆရာမများ၏ သွန်သင်ဆုံးမမှုများကိုလိုက်နာမည်ဆိုပါက လူတစ်ဦးအတွက် စည်းကမ်းလိုက်နာမှု၊ ကြိုးစားအားထုတ်မှုနှင့်အသိပညာ၊ အတတ်ပညာများပြည့်ဝစေသည်။ ထိုသူများမှာပညာရေးအားနည်းသူများထက် ပိုမိုသာလွန်သည်ကိုတွေ့ရသည်။ နိုင်ငံသားအားလုံး ပညာတတ်များဖြစ်ရန်လိုအပ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ပညာရည်မြင့်မားစေရန် KG + 9 ထိ ပညာသင်ကြားနိုင်ရေး အားပေးဆောင်ရွက်လျက်ရှိသည်။ ပြည်ပပညာတော်သင်များအနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ပညာရေးစနစ်၊ ဥရောပနိုင်ငံများ၏ပညာရေးစနစ်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများ၏ပညာရေးစနစ်ကို လေ့လာ၍ နိုင်ငံတော်အတွက် အကျိုးပြုနိုင်သည့်ကဏ္ဍများကို ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။
ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်ပြီး မိမိတို့နိုင်ငံအတွက် လိုအပ်သည့်နည်းပညာများ တိုးတက်စေရေး ကြိုးပမ်းသင်ယူကြရမည်ဖြစ်သည်။ အလားတူ AI နှင့်ပတ်သက်၍လည်း စဉ်ဆက်မပြတ် လေ့လာနေကြရမည်ဖြစ်သည်။ ရုရှားဘာသာရပ်နှင့်ပတ်သက်၍ အသုံးချခြင်းအားဖြင့် ရုရှား-မြန်မာ ချစ်ကြည်ရေးကို တိုးတက်စေရေးအတွက် အထောက်အကူပြုမည်ဖြစ်သည်။ ရုရှားနိုင်ငံအနေဖြင့် မိမိတို့နိုင်ငံဘက်မှထောက်ခံရပ်တည်ပေးခဲ့သကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း ရုရှားနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက် ပေးလျက်ရှိပေရာ ရုရှား-မြန်မာချစ်ကြည်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ မိမိတို့ကိုယ်တိုင်သစ္စာရှိရန်၊ မိမိအဖွဲ့အစည်းအပေါ်သစ္စာရှိရန်နှင့် နိုင်ငံတော်အပေါ်သစ္စာရှိရန်နိုင်ငံတော်အကြီးအကဲက အလေးထားမှာကြားထားသည်။ ထို့ကြောင့် ပြည်ပနိုင်ငံများတွင် သွားရောက်ပညာသင်ကြားနေသူများအားလုံးမှာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ရည်မြော်တွေးကာ ပညာကိုတတ်မြောက်ကျွမ်းကျင်အောင်သင်ယူကြပြီး မိမိနိုင်ငံ၏ကောင်းကျိုးကို သယ်ပိုးဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။