နှစ်နိုင်ငံဆက်ဆံရေး စဉ်ဆက်မပြတ်ကောင်းမွန်ရေး

နှစ်နိုင်ငံဆက်ဆံရေး စဉ်ဆက်မပြတ်ကောင်းမွန်ရေး

အယ်ဒီတာ့အာဘော်
(၂၀၂၅ ခုနှစ်၊ မတ် ၉ ရက်)

ရုရှားနိုင်ငံသို့  တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ်လ ၅ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် စိန့်ပီတာစဘတ်အစိုးရဧည့်ဂေဟာ K2 ၌ကျင်းပပြုလုပ်သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့ ကောင်စစ်ဝန်ချုပ်ရုံးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

မြန်မာ-ရုရှားနှစ်နိုင်ငံသည် ပထဝီအနေအထားအရအလွန်ဝေးကွာသော်လည်း နှစ်နိုင်ငံပြည်သူများ နှင့် နှလုံးသားချင်းနီးကပ်နေသောကြောင့် သံတမန်ဆက်ဆံရေးသမိုင်းကြောင်းတစ်လျှောက် ရင်းနှီးချစ်ကြည်သည့် ဆက်ဆံရေးကောင်းကိုထူထောင်ထားနိုင်သည့်   မိတ်ဆွေရင်းနိုင်ငံများဖြစ်သည်။ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ  နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်နိုင်စေရန်အတွက် အချက်အချာကျသည့် စိန့်ပီတာစဘတ်မြို့နှင့် နိုဗိုစီဗစ်မြို့တို့တွင် မြန်မာနိုင်ငံကောင်စစ်ဝန်ရုံးနှစ်ခုကိုဖွင့်လှစ်ခဲ့သည်။ ရုရှားနိုင်ငံ၏သမိုင်းအစဉ်အလာကြီးမားပြီး နိုင်ငံရေး၊ စီးပွားရေး၊ခေတ်မီသိပ္ပံနှင့်နည်းပညာ ထွန်းကားတိုးတက်နေသည့် စိန့်ပီတာစဘတ်မြို့တွင် မြန်မာကောင်စစ်ဝန်ရုံးကိုဖွင့်လှစ်နိုင်ခဲ့ခြင်းမှာ မိမိတို့နှစ်နိုင်ငံ၏အကျိုးစီးပွားများကို ပိုမိုဖော်ဆောင်နိုင်မည်ဖြစ်သည်။

စိန့်ပီတာစဘတ်မြို့တွင် ကောင်စစ်ဝန်ရုံးဖွင့်လှစ်နိုင်ခြင်းနှင့်ပတ်သက်၍ စိန့်ပီတာစဘတ်မြို့အုပ်ချုပ် ရေးမှူး မစ္စတာအလက်ဇန္ဒားဘယ်ဂ်လော့က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားရာတွင်“ရုရှား-မြန်မာဆက်ဆံရေးကောင်းမွန်လျက်ရှိခြင်းကြောင့်  မိမိတို့ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ကောင်စစ်ဝန်ချုပ်ရုံးအား ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် နှစ်နိုင်ငံအကြားဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်လာစေမည်ဖြစ်ပါကြောင်း၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးဖွင့်လှစ်နိုင်ရေးအတွက် အမြန်ဆုံးဆောင်ရွက်ပေးခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ရုရှား-မြန်မာနှစ်နိုင်ငံအကြား ကောင်စစ်ဝန်ချုပ်ရုံးသည်  ပေါင်းကူးတံတားသဖွယ်ဖြစ်သဖြင့် နှစ်နိုင်ငံအတွက် များစွာအကျိုးရှိပါကြောင်း” ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်စိန့်ပီတာစဘတ်မြို့အုပ်ချုပ်ရေးမှူး  မစ္စတာအလက်ဇန္ဒားဘယ်ဂ်လော့နှင့်   မတ်လ ၅ ရက် ဒေသစံတော်ချိန်ညနေပိုင်းတွင် စိန့်ပီတာစဘတ်မြို့ရှိ အစိုးရဧည့်ဂေဟာ K2 ရှိအစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။  ရုရှား-မြန်မာဆက်ဆံရေးကောင်းမွန်ခြင်းကြောင့် မြန်မာနိုင်ငံနှင့် စိန့်ပီတာစဘတ်မြို့တို့အကြား ထိတွေ့ဆက်ဆံမှုများတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊  ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊စက်မှုကဏ္ဍ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေး  ဆက်လက်ဆောင်ရွက်ကြမည်ဖြစ်သည်။ ထို့ပြင် စိန့်ပီတာစဘတ်မြို့တွင် ထေရဝါဒဗုဒ္ဓဘာသာဆိုင်ရာ သိမ်၊ ကျောင်း၊ စေတီတည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စိန့်ပီတာစဘတ်မြို့သို့ စတုတ္ထအကြိမ်ရောက်ရှိခြင်းဖြစ်သည်။ စိန်ပီတာစဘတ်မြို့သည် အချက်အချာကျပြီး အရေးပါသည့်အပြင် သမိုင်းအစဉ်အလာများရှိသည့်မြို့ဖြစ်သည်။ စိန့်ပီတာစဘတ်မြို့တွင် စက်ရုံ၊ အလုပ်ရုံ တွေ များစွာရှိပြီး သယ်ယူပို့ဆောင်ရေးအတွက်လည်း အချက်အချာကျလှသည်။ ထို့အတူ ပညာသင်ကြား ရေးတွင်လည်း  ကောင်းမွန်မှုရှိသည့်အတွက် မြန်မာနိုင်ငံနှင့်ဆက်သွယ်ဆောင်ရွက်ရန်ကောင်းမွန်သည့်မြို့တစ်မြို့ဖြစ်သည်။ ယခုအခါ မန္တလေးမြို့မှနေ၍ ရုရှားနိုင်ငံ နိုဗိုစီဗစ်မြို့နှင့်လေကြောင်းလိုင်းများတိုက်ရိုက် ပြေးဆွဲပျံသန်းလျက်ရှိသည်။ စိန့်ပီတာစဘတ်မြို့နှင့်လည်း လေကြောင်းလိုင်းများတိုးချဲ့ပျံသန်းနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများနှင့် စိန့်ပီတာစဘတ်မြို့တွင် သင်တန်းတက်ရောက်နေကြသည့်သင်တန်းသားအရာရှိများအား တွေ့ဆုံအမှာစကားပြောကြားစဉ် “စိန့်ပီတာစဘတ်မြို့ရှိတက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသည့် ပညာတော်သင်ကျောင်းသားများ စနစ်တကျပညာသင်ကြားနိုင်ရေးနှင့်အခြားလိုအပ်သည့်ကိစ္စရပ်များကို ကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ သင်တန်းကာလနှင့်ပတ်သက်၍ သတ်မှတ်ထားသည့်ကာလအတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ သင်တန်းသားများအနေဖြင့် ပညာများသင်ယူရာတွင်လည်း အလေးထားသင်ယူသွားကြရန်လိုကြောင်း”ထည့်သွင်းပြောကြားခဲ့သည်။

ကောင်စစ်ဝန်ချုပ်ရုံးမိသားစုများအနေဖြင့်   နှစ်နိုင်ငံဆက်ဆံရေးနှင့်  မိမိတို့နိုင်ငံအကျိုးအတွက်ဆောင်ရွက်နေခြင်းဖြစ်သဖြင့် အရေးကြီးသည့်တာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်သည်။ ထို့ကြောင့်လုပ်ငန်းများဆောင်ရွက်ရာတွင်  ကျန်ရှိမှုများမရှိစေရေးနှင့် အချိန်မီပြီးစီးစေရေး Check၊ Recheck၊ Counter Check များပြုလုပ်နေရမည်ဖြစ်သည်။   မြန်မာနိုင်ငံသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့်ဆက်ဆံမှုများတိုးတက်ကောင်းမွန်အောင်  ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် တာဝန်ထမ်းဆောင်နေကြသူများ၊   ပညာတော်သင်ရောက်ရှိနေသူများအနေဖြင့်   နှစ်နိုင်ငံဆက်ဆံရေးပိုမိုကောင်းမွန်ရေးတွင် ပါဝင်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။  ။