အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တို့၌ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်းများ ဖွင့်လှစ်
နေပြည်တော်၊ ၂၀၂၅ မတ် - ၁၀
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ် ဌာနချုပ် သံလွင်ခန်းမ၌ ဖွင့်လှစ်ခဲ့ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ သင်တန်းနည်းပြများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက သင်တန်းဖွင့် အမှာစကားပြောကြားသည်။ ထို့နောက် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာစာအုပ်များအား ရှမ်းပြည်နယ်၊ ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း(YMBA)မှ ပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူခဲ့သည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက တောင်ကြီးမြို့၊ ရွှေတော်ရပ်ကွက်၊ ဝံသာနု ရက္ခိတအသင်း၊ ဝံသာနုသီတဂူဓမ္မစကူးဌာနမှ ကလေးငယ်များက ၃၈ ဖြာမင်္ဂလာ သီချင်း၊ လူချွန်/လူကောင်းသီချင်းနှင့် သွေးချင်းတို့မြေသီချင်းတို့ဖြင့် ဖျော်ဖြေ တင်ဆက်မှုတို့ကို ကြည့်ရှုအားပေးပြီး တိုင်းမှူးက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။ အဆိုပါ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းအား ကျောင်းသား၊ ကျောင်းသူ ၂၇၁ ဦးဖြင့် မတ်လ ၂၁ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။
အလားတူ ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများ အား ယဉ်ကျေးလိမ္မာသင်တန်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်း ဖွင့်ပွဲများကို တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမ၌ ဖွင့်လှစ်ခဲ့ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်း နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ သင်တန်းနည်းပြများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက သင်တန်းဖွင့် အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းအား ကျောင်းသား၊ ကျောင်းသူ ၇၃ ဦးဖြင့်လည်းကောင်း၊ အင်္ဂလိပ်စာအခြေခံသင်တန်းအား ကျောင်းသား၊ ကျောင်းသူ ၃၉ ဦး ဖြင့်လည်းကောင်း ဧပြီလ ၄ ရက်နေ့ထိ အသီးသီးဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

