အောင်အောင်မြင်မြင် ချစ်ကြည်ရေးခရီးစဉ်
အယ်ဒီတာ့အာဘော်
(၂ဝ၂၅ ခုနှစ်၊ မတ် ၁၁ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေး ခရီးစဉ်အဖြစ် လည်းကောင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာလူကာရှန်းကော့၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေး ခရီးစဉ်အဖြစ်လည်းကောင်း မတ်လ ၃ ရက်မှ ၉ ရက်အထိ သွားရောက်ခဲ့ပြီး မတ်လ ၉ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံ နေပြည်တော် တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မီဒီယာများ၏ မေးမြန်းမှုများကိုပြန်လည်ဖြေကြားရာတွင် “ရုရှားနိုင်ငံရော ဘယ်လာရုစ်နိုင်ငံရော သူတို့နိုင်ငံမှာရှိတဲ့ ပြည်သူတွေကရော မြန်မာနိုင်ငံအပေါ်မှာ စိတ်ဝင်တစားနဲ့ တော်တော်ဖြစ်လာတာကို ကျွန်တော်တွေ့တယ်ဗျ။ ဒါဟာ ကျွန်တော်တို့အတွက် (နောက်အနာဂတ်နိုင်ငံအတွက်)(နောင်နိုင်ငံတော် အနာဂတ်အတွက်လည်း) ကောင်းတဲ့ လက္ခဏာ တစ်ခုပေါ့ဗျာ။ နောက်တစ်ခုကလည်း ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်မယ်လို့ ကျွန်တော်ပြောခဲ့တာရှိတယ်။ ဒါကို ကျွန်တော်တို့ ခိုင်ခိုင်မာမာ လုပ်မှာပါ။ ပါတီစုံဒီမိုကရေစီစနစ်ကို တကယ်လိုချင်လို့ရှိရင် ကဏ္ဋကောစ လုပ်မနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပဲ လိုပါတယ်။ အဲ့ဒါလုပ်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံ မုချအောင်မြင်ရမယ်ဗျ။ မုချအောင်မြင်ရမယ် ကျွန်တော်ဒါကိုပြောရဲပါတယ်”ဟူ၍ထည့်သွင်း ဖြေကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်သည့် မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်မြို့၊ မော်စကိုမြို့၊ စိန့်ပီတာစဘတ်မြို့၊ ဆာမားရာမြို့နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့တို့သို့ သွားရောက်ခဲ့သည်။ ထိုဒေသများမှာ မြန်မာနိုင်ငံနှင့်ရာသီဥတု အနေအထားကွာဟချက်အရ အပူချိန် အနုတ် ၂ မှ အနုတ် ၁၂ ဒီဂရီစင်တီဂရိတ် (အေးခဲသော)အနေအထား အထိရှိသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတ နိုင်ငံတို့သို့ အသွားအပြန်မိုင်ပေါင်း တစ်သောင်းကျော်ခန့်အထိ သွားရောက်၍ နိုင်ငံတော်အကျိုးစီးပွားကို တစိုက်မတ်မတ် ဦးတည်ပြီး ခရီးစဉ်အတွင်း နေ့မအားညမနားဖြင့် နိုင်ငံများအကြား စိုက်ပျိုးရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ ပညာသင်ကြားမှု မြှင့်တင်ရေးဆိုင်ရာကဏ္ဍ၊ ခရီးသွားကဏ္ဍများ တိုးမြှင့်ရေးဆိုင်ရာ ကိစ္စများတွင် ပြည်သူအချင်းချင်း၊ လုပ်ငန်းရှင်များအချင်းချင်း ပူးပေါင်း ဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများပေါ်ပေါက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ နိုင်ငံတော်အဆင့် တရားဝင် ချစ်ကြည်ရေးခရီးစဉ်နှင့် ပတ်သက်သည့်သတင်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ခဲ့သည့်အတွက် ပြည်သူများအားလုံး သိမြင်ကြပြီးဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ သုံးရပ်စလုံးတွင် အောင်မြင်မှုများရရှိခဲ့သည်။ နိုင်ငံရေးနှင့်ပတ်သက်လျှင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတ နိုင်ငံတို့အနေဖြင့် ယခင်ကတည်းက နိုင်ငံတကာမျက်နှာစာမှာ မြန်မာနိုင်ငံဘက်က ရပ်တည်ခဲ့ပြီး ယခုလည်း ရပ်တည်လျက်ရှိသည်။ ဆက်လက်ပြီး ရပ်တည်သွားမည်ဆိုသည့် ခိုင်ခိုင်မာမာ အာမခံချက်ရရှိခဲ့သည်။ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အစောဆုံးသည် ဒီဇင်ဘာလနောက်ဆုံးပတ်၊ နောက်အကျဆုံးသည် ဇန်နဝါရီလ ဒုတိယပတ်ခန့်တွင်ကျင်းပမည်ဖြစ်သည်။ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရုရှားနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံတွေအပြင် ကျန်သည့်နိုင်ငံတကာက ထောက်ခံပေးထားသည်။ ရုရှားနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံတို့က ထဲထဲဝင်ဝင် ဝင်ရောက်ထောက်ခံပေးသည့်အပြင် လေ့လာစောင့်ကြည့်ရေး အဖွဲ့များလည်း လွှတ်ပေးမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြည်သူများ လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မလွဲမသွေပြန်သွားပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို အောင်မြင်စွာ ဆောင်ရွက်ပေးမည်ဖြစ်သည်။ စီးပွားရေးနှင့်ပတ်သက်၍ ရုရှားနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့မှာ နည်းပညာမြင့်မားစွာ ပိုင်ဆိုင်ထားသည့်နိုင်ငံများဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် စက်မှုစီးပွားကို သွားမည့်နိုင်ငံအဖြစ် ဆောင်ရွက်နေသည့်နိုင်ငံဖြစ်သည်။ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံတွင် အခွင့်အလမ်းကောင်းများရှိထားသည်။ ဘယ်လာရုစ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကျယ်အဝန်းနှင့် နှိုင်းယှဉ်လျှင် သုံးပုံတစ်ပုံမျှသာ ကျယ်ဝန်းသည်။ ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည်။ လူဦးရေမှာ အများဆုံး ၉ ဒသမ ၁ သန်းခန့်သာရှိသည်။ သို့သော် စိုက်ပျိုးရေးကဏ္ဍ တစ်ခုတည်းကရရှိနေသည့် GDP မှာ ၉ ဘီလီယံနီးပါးရှိသည်။ စိုက်ပျိုးမှုတွင် မြေကန့်သတ်ချက်၊ ရာသီဥတုကန့်သတ်ချက်တွေရှိသည့်ကြားမှ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်လျှင် မြန်မာနိုင်ငံကဲ့သို့ မြေ၊ ရာသီဥတုကောင်းမွန်သည့်နိုင်ငံမှာ မဖြစ်ထွန်းစရာ အကြောင်းရှိမည်မဟုတ်ပေ။ လိုအပ်နေသည်မှာ ခေတ်မီစိုက်ပျိုးရေး စနစ်ဖြစ်သည်။
မြန်မာ့စီးပွားရေး တစ်ဟုန်ထိုး တိုးတက်လာနိုင်သည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ ရပ်ဆိုင်းထားသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ထားဝယ်ရေနက် ဆိပ်ကမ်းကိုလည်း ရုရှားနိုင်ငံနှင့် ဆောင်ရွက်နိုင်ရန် MoU လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ နှစ်နိုင်ငံကူးလူးသွားလာရေး တိုးချဲ့ရန်နှင့် ခရီးသွားကဏ္ဍ တိုးချဲ့ဆောင်ရွက်ရေးကိုလည်း ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ ယဉ်ကျေးမှု၊ ဥပဒေကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ စသည့်နယ်ပယ်များတွင် ကျယ်ကျယ်ပြန့်ပြန် ဆွေးနွေးနိုင်ခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲ ဦးဆောင်သည့်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ အောင်မြင်မှုများမှာ နိုင်ငံနှင့်ပြည်သူများအတွက် အောင်အောင်မြင်မြင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဂုဏ်ပြု ရေးသားလိုက်ရပေသည်။ ။